မာရှယ်လောထုတ်ထားသည့်လှိုင်းဘွဲ့မြို့အတွင်း ညအချိန်လောင်းကစားဝိုင်းများကို အရေးယူမည့်သူမရှိ

0
325

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့တွင် စစ်ကောင်စီက မာရှယ်လော (ညမထွက်ရအမိန့်) ထုတ်ထားသော်လည်း ညအချိန်ပြုလုပ်လျက်ရှိသည့် အာဝါဒေးလောင်းကစားဝိုင်းများကို အရေးယူမည့်သူ မရှိဖြစ်နေကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီက ည ၁၀ နာရီ မှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ထားသော လှိုင်းဘွဲ့မြို့အတွင်းရှိ (ခ) ရပ်ကွက် ကျောက်စိမ်းအုပ်စုတွင် ဇာတ်ပွဲအယောင်ပြကာ ညအချိန်လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားပြီး ဝိုင်းတိုင်းတွင် လာရောက်ဆော့ကစားသူများဖြင့် ပြည့်နှက်နေသော်လည်း အရေးယူမည့်သူမရှိဟု မြို့ခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“မာရှယ်လောက ထုတ်ထားတာ ကြာနေပြီ။ ဘယ်လောက်ထုတ်ထုတ် လောင်းကစားဝိုင်းတွေ ရှိနေတော့ သွားနေကြတာပဲ၊ ဖမ်းတဲ့သူလည်း မရှိဘူး။ အဲဒီဝိုင်းတွေကို အရေးယူမယ့်သူလည်းမရှိဘူး။ လှိုင်းဘွဲ့မှာတော့ ကိုယ့်ဘာသာ အေးဆေးနေကြတာများတယ်။ သွားတိုင်ရင်လည်း ဘယ်သူဘယ်ဝါ တိုင်တယ်ဆိုတာ တန်းသိ နေတော့ တိုင်လည်းမတိုင်ရဲကြဘူး။ ဇာတ်ပွဲက ဖွင့်တယ်သာပြောတာ လူမှမရှိတာ ညဘက်မှစည်တဲ့ အဲဒီလောင်းကစားဝိုင်းတွေမှာတော့ လူကအပြည့်ပဲ” ဟု အဆိုပါအမျိုးသားက ပြောသည်။

အဆိုပါလောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည်မှာ လနှင့်ချီ ကြာမြင့်နေပြီး မြို့အတွင်း ရေကြီးသည့် ကာလမှအပ ကျန်သည့်ရက်များတွင် ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ဟိုးနွေကတည်းက လုပ်လာကြတာ ဒီမိုးတွင်း ရေကြီးတုန်းကတော့ တချက်နားလိုက်တာပဲရှိတယ်၊ ကျန်တဲ့ရက်တွေ ဆက်တိုက်လုပ်နေကြတာပဲ။ ဘယ်သူမှလည်း မဖမ်းကြပါဘူး အပြင်မထွက်နဲ့ ဆိုပေမယ့် ဝိုင်းတွေလုပ်နေတော့ ထွက်ကြတာပေါ့။ ဖမ်းတော့လည်း ဘယ်သူဖမ်းမလဲ လက်ဝါးခြင်းရိုက်ပြီး လုပ်နေကြတာ” ဟု ၎င်းက ပြောပြသည်။

ထိုအာဝါဒေးလောင်းကစားဝိုင်းများကို စစ်ကောင်စီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ဖွင့်လှစ်ထားသည်ဟု နီးစပ်ရာမြို့ခံတချို့၏ ပြောပြချက်အရ သိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

လှိုင်းဘွဲ့မြို့နယ်သည် ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေတွင် ရှိသော်လည်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF များ သွားလာလှုပ်ရှားကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည့် နယ်မြေလည်း ဖြစ်သည်။

အလားတူ ဖားအံခရိုင် နဘူးမြို့နယ်၊ နို့ဝခလေနှင့် တဝဲကျေးရွာနားတွင် ကရင်လက်နက်ကိုင် စည်းလုံးညီညွှတ်ရေးကော်မတီမှ တရားဝင် တားမြစ်ထားသည့် လောင်းကစားဝိုင်းများကို လနှင့်ချီ ပြုလုပ်နေကြသော်လည်း မည်သည့်အဖွဲ့အစည်းကမှ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံများ၏ ဖော်ထုတ်ပြောဆိုမှုအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here