ရခိုင်ပြည်၊ မာန်အောင်မြို့တွင် အရပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသူမှာ မာန်အောင်မြို့ပေါ်တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဦးဖြူခေါင်းဖြစ်ပြီး မာန်အောင်တွင် နေထိုင်သည်မှာ ကြာနေပြီဟု သိရသည်။
စက်တင်ဘာ ၁၈ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ၎င်းအား နေအိမ်အတွင်းသို့ လာရောက်ဖမ်းဆီးခဲ့ ပြီးနောက် လက်ရှိတွင် ဦးဖြူခေါင်းကို ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ထားသည်ဟု မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။
“သူက ဟိုးအရင်ကတည်းက NLD ပါတီကို ထောက်ခံလာတဲ့သူ၊ စစ်အာဏာ ဆန့်ကျင်ရေးသမားပေါ့နော်။ သူက ဆိုရှယ်မီဒီယာမှာ တင်တာတော့ ရှိတာပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။
မာန်အောင်မြို့နယ်တွင် PDF နှင့် ဆက်စပ်သံသယဖြင့် ဒေသခံတချို့အား ဖမ်းဆီးရန် စစ်ကောင်စီတပ်က လိုက်လံ ရှာဖွေမှုများ၊ ဝရန်းထုတ်စာများ ကပ်ခြင်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုတွေ့ရှိလာရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မာန်အောင်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လိုက်ဖမ်းတာ၊ ဝရမ်းထုတ်တာတွေ အများကြီး တွေ့ရတယ်။ ဒေသခံတွေကိုလည်း သံသယနဲ့ ဖမ်းဆီးတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် မာန်အောင်မြို့နယ်အတွင်း ဆန္ဒပြမှုများတွင် ပါဝင်သည့် လူငယ်များကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့သူ အနည်းဆုံး ၁၀ ဦးခန့် ရှိပြီး လာရောက်သတိပေးခံရသူ အယောက် ၃၀ ကျော် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သံတွဲမြို့နယ်ရှိ ပုရစ်နှင့် ရေကောက်ကျေးရွာဟောင်း နေရာအနီးတဝိုက်တွင် PDF များကို ရှာဖွေသည်ဟုဆိုပြီး စစ်ကောင်စီတပ်သားများ လှုပ်ရှားသွားလာမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
သံတွဲမြို့နယ် အပါအဝင် ရခိုင်ရှိ မြို့တချို့တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးများ အပါအဝင် လူမှုရေးလှုပ်ရှားသူ တချို့နှင့် ဒေသခံတချို့သည် PDF နှင့် ဆက်စပ်ပြီး PDF အား ငွေကြေး ထောက်ပံ့သည်ဟု ဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။
ဦးဖြူခေါင်းအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း) များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှု ကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက်လှုံ့ဆော်လျှင် ပြစ်မှုမြောက်ပြီး ပြစ်ဒဏ်မှာ ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။
နိရဉ္စရာ ပေးပို့သည်။