မာနယ်ပလောဒေသရှိ စစ်ကောင်စီ ခမရ-၉၁၃ စခန်းကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း KNU အတည်ပြု

0
153
ပုံစာ - မာနယ်ပလောဒေသမြင်ကွင်း။ (Photo-KIC)

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၇) ထိန်းချုပ်သည့် မာနယ်ပလောနယ်မြေရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၉၁၃ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် – KNDO နှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။

မာနယ်ပလောနယ်မြေအတွင်း စစ်ကောင်စီ၏နောက်ဆုံးခံတပ် ခမရ-၉၁၃ စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် မိမိတို့မာနယ်ပလောဒေသ၌ စစ်ကောင်စီတပ်စခန်းများအားလုံး ကင်းစင်ရေးဟူသော မဆုတ်မနစ်စိတ်ဓာတ်ဖြင့် ကြိုးပမ်းတိုက်ခိုက်ခဲ့ပြီးမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပဒိုစောကလယ်စေးက ပြောသည်။

ပဒိုစောကလယ်စေးက “စခန်းရပြီဆိုတာတော့ လောလောဆယ် အတည်ပြုလို့ရတယ်။ ဒါကလည်း ကိုယ့်ရဲ့ နယ်မြေထဲမှာ စစ်ကောင်စီ စခန်းတွေအားလုံး ကင်းစင်ဖို့ဆိုတဲ့ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ကြိုးပမ်းတိုက်ခိုက်ခဲ့လို့ ရရှိခဲ့တာဖြစ်တယ်။ အချက်အလက်တွေအားလုံးတော့ မရသေးဘူးဆိုပေမယ့် အခြေအနေကောင်းတယ်” ဟု ပြောသည်။

KNLA နှင့် KNDO ပူးပေါင်းတပ်များက စစ်ကောင်စီ၏ အဆိုပါစခန်းအား တိုက်ခိုက်သိမ်းပိုက်စဥ် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့ကို ကိုးကားပြီး ဒေသတွင်းမီဒီယာတချို့တွင် ဖော်ပြထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ပဒိုစောကလယ်စေးက ပြောဆိုသည်။

လေကြောင်းမှလွဲ၍ စစ်ကောင်စီ၏ ထောက်ပို့ရရှိနိုင်သော လမ်းကြောင်းများကို ဖြတ်တောက်စနစ်ဖြင့် တိုက်ခိုက်ခဲ့ရသော ခမရ-၉၁၃ စခန်းကို ယခုလို သိမ်းပိုက်မရမိစဥ်ကတည်းက KNLA ပူးပေါင်းတပ်က ဒရုန်းအပါအဝင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က အသေအပျောက်များ ရှိခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်များပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီက ၎င်းတို့စခန်းသို့ လေကြောင်းမှ ရိက္ခာလာရောက် ဖြည့်တင်းစဥ် KNLA ပူးပေါင်းတပ်များ ရှိနေနိုင်သည့်နေရာသို့ မှန်းဆ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ထိုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မာနယ်ပလောဒေသတွင် ခမရ-၉၁၃၊ နို့​ဒေး၊ ဖူးလောကုန်း၊ ကဆောဝါးလေး၊ ပွိုင့်၅၆၀၊ ဂယ်ဂေါ်ကျိုး၊ ထံသေဃိ၊ ထံထီထာ့၊ ထူးပေါ် စသည့် စစ်ကောင်စီတပ်စခန်းများရှိခဲ့သော်လည်း နိုဝင်ဘာလ ၁ ရက်နေ့က ကဆောဝါးလေးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းကိုစွန့်ခွာ၍ ခမရ-၉၁၃ သို့ လာရောက်ပူးပေါင်းပြီးနောက်ပိုင်း အင်အား ၁၀၀ ဝန်းကျင်ရှိလာသည့် ခမရ-၉၁၃ အား ယခုလို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here