ရခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် စစ်ကောင်စီတပ် ကင်းရှင်းသွားပြီဖြစ်သော်လည်း မိုင်းအများအပြား ထောင်ထားတာကြောင့် ရက္ခိုင့်တပ်တော် (AA) က မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း မြို့ခံများက ပြောသည်။
မအီမြို့တွင် မအီမြို့မရဲစခန်းနှင့် ဇီးဇံတောင်စစ်စခန်းတို့ ရှိပြီး အဆိုပါစခန်း၂ ခု မှ စစ်ကောင်စီတပ်သားများ သည် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းကတည်းက မြို့မှ ဆုတ်ခွာသွားကြကြောင်း မြို့ခံများက ပြောသည်။
မအီမြို့ခံတစ်ဦးက “စစ်တပ်တွေထွက်သွားပြီး ဒီလ ၁၉ ရက်နေ့ကလောက်ပဲ ရဲစခန်းကို မိုင်းရှင်းလင်းခဲ့တာ၊ စစ်ကောင်စီက မိုင်းတွေ အများကြီး ထောင်ထားခဲ့တယ်။ အတော်လေး ရှင်းရမယ့်ပုံဗျ” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သည် မအီမြို့မှ ဆုတ်ခွာသွားပြီး မအီ-ပြင်ဝန်းကို ဆက်သွယ်ထားသည့် မအီချောင်းတံတားကြီးနှင့် မအီမြို့နှင့် ၃ မိုင်ခန့်အကွာရှိ မအီ – ကျောက်ဖြူကားလမ်းမှ ကျောက်ကြီးပေါက်တံတားတို့ကို မိုင်းခွဲချိုးဖျက်ခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်ဆုတ်ခွာစဥ် မိုင်းခွဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် မအီချောင်းတံတားခြေရင်း အနီးရှိ နေအိမ်တချို့ ပျက်စီးခဲ့ပြီး မအီမြို့အထက်တန်းကျောင်းလည်း ပျက်စီးမှုများရှိသည်ဟု မြို့ခံများက ဆိုသည်။
လက်ရှိတွင် ဇီးဇံတောင်ဗျူဟာနှင့် မအီ မြို့မရဲစခန်း နှစ်ခုစလုံးတွင် စစ်ကောင်စီတပ်များ မရှိတော့ကြောင်း၊ သို့သော် ဇီးဇံတောင်ဗျူကို မိုင်းမရှင်းလင်းရသေးကြောင့် မအီမြို့ခံများက ပြောသည်။
“ဇီးဇံတောင်မှာလည်း စစ်တပ်မရှိတော့ဘူး။ ဒါပေမယ့် အဲဒီဘက်ကိုမို င်းမရှင်းလင်းရသေးဘူး” ဟု မအီမြို့ခံတစ်ဦးက ပြောသည်။
တောင်ကုတ်ခရိုင်ထဲရှိ မြို့တစ်မြို့ဖြစ်သည့် မအီမြို့တွင် စစ်ကောင်စီတပ် အမှတ် (၁)၊ (၂)၊ (၃)၊ (၄-ပြင်ဝန်း) မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် မြို့နေလူဦးရေ ၅၀၀၀ ခန့်ရှိသည်ဟု မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ် ဆုတ်ခွာသွားသော်လည်း မအီမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်ပြီး မြို့ခံအများစုသည် မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု ဆိုပါသည်၊
နိရဉ္စရာ ပေးပို့သည်။