မယ်စဲ့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ကရင်နီပူးပေါင်းတပ် ထပ်မံသိမ်းယူနိုင်

0
344
ပုံစာ- ကရင်နီပူးပေါင်းတပ်များ ချီတက်နေစဉ်။ (ပုံဟောင်းဖြစ်သည်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီအခြေစိုက် စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တွေက ဇွန်လ ၂၃ ရက်မှာ ထပ်မံသိမ်းယူလိုက်တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

“မယ်စဲ့ အခြေကုပ်စခန်းကို ကျနော်တို့ ၅ နာရီခွဲမှာ ပြီးသွားပြီ စခန်းသိမ်းတာ၊ ၅ နာရီခွဲမှာ ပြီးတော့ ၆ နာရီ လောက်မှာ လေယာဉ်က ၄ စီးနဲ့ လာကြဲတာ။ မယ်စဲ့ ပင်မစခန်း မယ်စဲ့ရှေ့နားက ကုန်းရှိတယ်လေ ပင်မကုန်းပေါ့၊ မယ်စဲ့မှာ တောင်လှတို့ ဆောင်ဟီတို့ ၁၄ တို့ မယ်တနွယ်တို့ နောက်ပြီးတော့ မြောက်ဖက်မှာက နမ့်ပေါင်တို့ နယ်စပ် တကြောမှာ ရှိတဲ့ တပ်စခန်းကို အဆက်သွယ်လုပ်တဲ့ ပင်မစခန်းပေါ့နော အဲ့ဒီဖက်က” လို့ ကရင်နီ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်းနယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၁၃ ရက်ကစပြီး ကရင်နီ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ရာ ဇွန်လ ၂၃ ရက်က သိမ်းယူတဲ့ စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောသည်။

“၁၃ ရက်ကစပြီး ဒီနေ့အချိန်ထိ တပ်ရင်းစခန်းတော့ ၃ ခု အပြီးပိုင် သိမ်းထားတယ်။ အခု ဒီမယ်စဲ့ပါ ၄ ခု ရှိပြီ ပေါ့နော့။ ပထမက တောင်လှပေါ့၊ မယ်တနွယ်၊ ၁၄၊ အခု မယ်စဲ့ပေါ့နော့ ၄ ခုတော့ သိမ်းရပြီးပြီ။ စစ်ကောင်စီ ပြန်လာထိုင်တာတော့ မရှိပါဘူး” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုသည်။

အဆိုပါ သိမ်းယူထားတဲ့ စခန်းတွေကို စစ်ကောင်စီဘက်က ပြန်လည်ရယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မယ်စဲ့မြို့နယ်သည် စစ်ကောင်စီအပြင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေအတွက် အရေးကြီးတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီက မယ်စဲ့တိုက်ပွဲအတွင်း လေယာဉ်အသုံးပြုတိုက်ခိုက်တာ၊ ရဟတ်ယာဉ်နဲ့ လူအင်အား၊ ရိက္ခာ ဖြည့်တင်းတာတွေ ပြုလုပ်နေကြောင်း သိရသည်။

ဗိုလ်မှူးကြီးဘုန်းနိုင်က “အရေးကြီးတယ်ဆိုတာ နှစ်ဖက်လုံးက အရေးကြီးတယ်။ သူတို့ (စစ်ကောင်စီ) အတွက်က တစ်သက်လုံး အာဏာတည်မြဲဖို့က အရေးကြီးတယ်။ ကျနော်တို့အတွက်လည်း အရေးကြီးတယ်ဆိုတာက နယ်မြေပြန်ရယူဖို့ သိမ်းရမှာပဲလေ” လို့ ဆက်ပြောသည်။

မယ်စဲ့မြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဘက်က (၁၂၀) မမ လက်နက်ကြီးအပြင် လက်နက်ငယ်မျိုးစုံကို ရရှိထားကြောင်းနှင့် စစ်ကောင်စီဘက်က သေဆုံးမှု ဆယ်ဂဏန်းရှိနေပြီး စခန်းစွန့် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေလည်း များပြားတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

မယ်စဲ့မြို့တွင် လက်ရှိအချိန်အထိ တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ဒေသခံ ၅ ထောင်ဝန်းကျင်သည် နီးစပ်ရာ ထိုင်းနိုင်ငံနှင့် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီသူတွေက ပြောသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here