မယ့်စလောင်းတောင်စစ်ကောင်စီတပ်စခန်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

0
136

ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းက စစ်ရေးအရအရေးပါသည့် စစ်ကောင်စီ၏ မယ့်စလောင်းတောင် တပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်သည်ဟု သိရသည်။

ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က “မနေ့က (ဇွန်လ ၂၅ ရက်) ရသွားတာပေါ့။ အတည်ပြုပါတယ်။ သေဆုံးသွားတဲ့ ရန်သူအလောင်းတွေလည်း တွေ့တယ်။ ဘယ်လောက်လဲဆိုတာတော့ အတိအကျ မသိရဘူး” ဟု ပြောဆိုသည်။

မယ့်စလောင်းတောင် တပ်စခန်းကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်ရရှိလိုက်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသည့် စစ်ကောင်စီတပ်သားအလောင်းများနှင့်အတူ လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

“သေနတ်တစ်ချက်မှ မပေါက်ဘူး။ လက်နက်ခဲယမ်း တချို့ရတယ်။ မိုင်းတွေရောပေါ့” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မယ့်စလောင်းတောင် တပ်စခန်းတွင် ရှမ်းပြည်နယ်က စကခ (၂) လက်အောက်ခံတပ်ရင်းနှင့် ဘောလခဲတပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက မယ့်စလောင်းတောင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိခဲ့သော်လည်း သုံးရက်အကြာတွင် စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးလာပြီး ပြန်လည်တပ်စွဲထားခဲ့သည်။

မယ့်စလောင်းတောင်စခန်းကို လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များဘက်က ဒုတိယအကြိမ် ထပ်မံသိမ်းပိုက်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ၏ မယ့်စလောင်းတောင် တပ်စခန်းသည် ဘောလခဲမြို့ကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်)မှပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here