မတူပီ၊ ထယ်ဘွေးစခန်းမှ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

0
240

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခလရ – ၃၀၄ လက်အောက်ခံ အထိုင်ချစခန်းဖြစ်သည့် ထယ်ဘွေစခန်းသိမ်း တိုက်ပွဲမှ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားပြီး ဖွက်ထားသည့် လက်နက်ခဲယမ်းများကိုလည်း ရှာဖွေနေဆဲဖြစ်ကြောင်း CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။

“တက်လာတဲ့ ဓါတ်ပုံက အမှန်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အရေအတွက် အတိအကျ မဟုတ်သေးပါဘူး။ အရေအတွက် အတိအကျရရင် ထုတ်ပေးဖို့ ရှိပါတယ်။ လက်နက်ကြီးတွေလည်း သိမ်းဆည်းရမိတယ်။ လက်နက်ခဲ ယမ်းကို ထုတ်ပြန်ချက်ပြန်လုပ်မှာပါ။ ဖွက်ထားတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ရှာဖွေနေတုန်းပါ”ဟု CDF မတူပီမှ တာဝန်ရှိသူက ပြောသည်။

ထယ်ဘွေးစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ လိုက်လံ တိုက်ခိုက်လျက်ရှိပြီး၊ မတူပီမြို့ စစ်ကောင်စီတပ်မှ စစ်ကူများ လွှတ်ထားသကဲ့သို့ လက်နက်ကြီးပစ်ကူ အများအပြားလည်း ပေးနေသည်ဟု သိရသည်။

ထွက်ပေါ်လာသော ဓါတ်ပုံများအရ RPG ကျည် ၄၀ ကျော်၊ ၆၀ မမ – ၁၀ လုံး၊ MA ကျည်ဆံပေါင်း ထောင်ချီနှင့် ဆက်စပ်လက်နက်ခဲယမ်း အများပြားကို သိမ်းဆည်းရမိထားသည်။

ဒီဇင်ဘာလ ၁၈ ရက်က စတင်ခဲ့သည့် ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲကို CDF – Matupi၊ CNO (CNDF)၊ CDF – Mindat၊ CDF – Loutu ချင်းပူးပေါင်းတပ်များမှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး CDF – မင်းတပ်မှ ရဲဘော်တစ်ဦး၊ CDF – မတူပီမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တိုက်ပွဲမှာပင် စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ ထိတွေ့ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု CDF – မတူပီမှ တာဝန်ရှိသူများက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် ခုခံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်က ဗန်ကိုင်းကျေးရွာနှင့် လေဆင်ကျေးရွာတို့ကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here