ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အစပ်နှင့် မတူပီမြို့နယ်ထဲက ဝေးလူကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိထားသူ များပြားကြောင်း CDF – Daai မှ တာဝန်ရှိသူများက ပြောသည်။
CDF – Daai တပ်ရင်းမှူးလေပြေက “ ရွာလယ်ကောင်ကို ကွက်တိကျတဲ့အခါကြတော့ ပြည်သူလူထုအထိအခိုက် သေဆုံးမှုတွေ အများကြီးရှိသွားတယ်။ ကျနော်တို့တပ်ဖွဲ့ဝင်တွေ သွားစစ်ဆေးနေတာရှိတယ်။ လက်ရှိသတင်းရထားတာက ပြည်သူလူထု ၁၃ ယောက် သေတယ်လို့ပြောတယ်။ ဒဏ်ရာရတဲ့အပိုင်းတွေက အတိအကျ မသိရသေးဘူး။ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း သေဆုံးတာပါတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီတွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဝေးလူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သူများရှိနေကာ အရပ်သားနေအိမ်အများအပြားလည်း ပျက်စီးသွားသည်ဟု သိရသည်။
သေဆုံးသူများထဲတွင် မိသားစုတစ်စုမှာ ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် အားလုံးနီးပါး သေဆုံးသွားသည်။
ကနေဦးတွင် သေဆုံးသူ ၁၃ ဦး အထိရှိနေပြီး သေဆုံးသူများထဲမှ ၂ ဦးမှာ ရခိုင်တပ်တော် (AA) တပ်ဖွဲ့မှ ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း CDF Daai တာဝန်ရှိသူများက ပြောသည်။
“မနေ့က လေယာဉ်တစ်စီးနဲ့ တလှည့်စီ လာကြဲသွားတာပါ။ ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့လူလည်း များတဲ့အတွက်ကြောင့် သေဆုံးတဲ့စာရင်းလည်း တိုးလာနိုင်တယ်လို့ သိရတယ်။ ဆေးရုံဆေးခန်းသွားဖို့တောင် အခက်အခဲဖြစ်နေတယ်” ဟု CDF – Daai အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုင်ဘတ်စ်က ပြောသည်။
ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်အတွင်းတည်ရှိသော ဝေးလူကျေးရွာသည် CDF – မတူပီ ထိန်းချုပ်ထားသော ကျေးရွာလည်း ဖြစ်သည်။
ဝေးလူကျေးရွာသည် အိမ်ခြေ ၆၀ နီးပါးရှိသော ကျေးရွာဖြစ်ပြီး၊ ကျေးရွာတည်ရှိသော ဒေသမှာ လက်နက်ကိုင်များ သွားလာလှုပ်ရှားကြပြီး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ထောက်ပို့လမ်းကြောင်းအတွက် မဟာဗျူဟာကျသည့် ကျေးရွာများ ဖြစ်သည်။
ရခိုင်တပ်တော် (AA) ၏ ထောက်ပို့လမ်းကြောင်းအဖြစ်လည်း အသုံးပြုသကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း အသုံးပြုသောဒေသ ဖြစ်သည်ဟု သိရသည်။
KMG ပေးပို့သည်။