မတူပီတွင် AA နှင့် ချင်းလဲန်းကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

0
112

ချင်းပြည်နယ်၊ မတူပီမြို့ – ပလက်ဝမြို့ကြား မတူပီမြို့နယ် Valangte ကျေးရွာနှင့် Lesin ကျေးရွာကြားတွင် အာရက္ခတပ်တော် AA နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့တို့ ဇူလိုင်လ ၅ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု CDF-Matupi တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ပြောဆိုသည်။

နိုင်ဂျွန်ကိမ်းက “ပလက်ဝလမ်းကြောမှာ AA တွေ ပြန်ပြီးတော့ ရောက်လာတဲ့အခါကြတော့ ပြန်ပြီးတော့ တိုက်ပွဲဖြစ်တာပါ။ Valangte ရွာမှာ ဖြစ်တယ်။ အဲဒီရွာ အနီးနားမှာလည်း ထိတွေ့မှုတွေ ရှိတယ်။ မနေ့ည (ဇူလိုင် ၄ ရက်ည) အထိ ပစ်ခတ်မှုရှိတယ် ဒီမနက်တော့ ငြိမ်နေတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA အနေဖြင့် ချင်းပြည်ကနေ အမြန်ဆုံး ပြန်လည်ဆုတ်ခွါပေးသင့်ပြီး ပြန်လည်ဆုတ်ခွါခြင်း မရှိသရွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်လာနိုင်သည်ဟု CDF-Matupi တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောဆိုသည်။

မတူပီ – ပလက်ဝလမ်းပေါ်က Valangte, Lesin, Valangpi A, Valangpi B နှင့် Kola ကျေးရွာတို့မှ ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်ခန့်သည် ၎င်းတို့ကျေးရွာများတွင် AA တပ်ဖွဲ့များ တပ်စွဲထားကြသည့်အတွက် တောထဲသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ တစ်ပတ်ကျော်ခန့် ရှိနေပြီဟု သိရသည်။

လက်ရှိတွင်လည်း ဒေသခံပြည်သူများသည် နေရပ်ပြန်ရန် မဖြစ်နိုင်သေးဘဲ တောထဲသို့ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး မိုးကာ၊ ခြင်ထောင်နှင့် ဆေးဝါးများ အကူအညီလိုအပ်နေသည်ဟု သိရသည်။

ချင်းပြည်တောင်ပိုင်းတွင် အကြီးဆုံးစစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့ကို ချင်းညီနောင်က အာရက္ခတပ်တော် AA ၏ စစ်ရေးအကူအညီနှင့် ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ကြသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here