မီဒီယာကျင့်ဝတ်၊ ဥပဒေများနှင့်အညီ လွတ်လပ်စွာသတင်းရယူ တင်ဆက်ခြင်းအပေါ် စစ်ကောင်စီ၏ မတရား ဖမ်းဆီး၊ ထောင်ချခြင်း ခံနေရသော သတင်းသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇန်နဝါရီလ ၁၀ ရက် နေ့စွဲဖြင့် တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့က တစ်နိုင်လုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၉,၀၀၀ ကျော် ကို စစ်ကောင်စီက လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ရာတွင် မြန်မာသတင်းဓာတ်ပုံအေဂျင်စီ (MPA) နှင့် မဲခေါင်သတင်းဌာနမှ သတင်းထောက် ၃ ဦး ပါဝင်လာသည်နှင့် စပ်လျဉ်း၍ IPCM က ထိုကဲ့သို့ ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းခံနေရသော သတင်းသမား ၅၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် IPCM က တောင်းဆိုထားသလို ကျင့်ဝတ်၊ ဥပဒေများနှင့်အညီ တရားဝင် သတင်းရယူ၍ ပြည်သူသိရှိရန် တင်ဆက်ပေးမှုကို အဟန့်အတား ဖြစ်စေသည့် စစ်ကောင်စီ၏ ဖမ်းဆီး ၊ထောင်ချမှုများကိုလည်း IPCM က ပြင်းပြင်းထန်ထန် ရှုံ့ချထားသည်။
ထို့အပြင် IPCM အနေဖြင့် ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံး လွတ်မြောက်ရေးနှင့် မီဒီယာ လုပ်ငန်းများ တရားဝင် ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိက ဦးစားပေးအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“အခုချိန်ထိ သတင်းလုပ်ငန်းကိုလုပ်ဆောင်နေတဲ့သူတွေလည်း ဘေးကင်းပြီလို့ ယူဆလို့မရဘဲ စိန်ခေါ်မှုတွေကြားက လုပ်နေရတဲ့အပေါ်မှာ အကာအကွယ် တစုံတရာ ရရှိရေးက ဦးစားပေးလုပ်ရမယ့်ထဲမှာ ပါပါတယ်။ IPCM အနေနဲ့ ကောင်စီအနေနဲ့ပဲ မဟုတ်ဘဲ သတင်းသမား ဘေးကင်းလုံခြုံရေး လုပ်ဆောင်နေတဲ့ သတင်းအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆက်အဖမ်းမခံရရေး၊ ဖမ်းဆီးခံထားရတဲ့ သတင်းသမားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ချဉ်းကပ်တာ၊ ညှိနှိုင်းတာ၊ တောင်းဆိုတာဖြစ်ဖြစ်ပေါ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင် သွားဖို့ရှိပါတယ်” ဟု IPCM ဥက္ကဌ၊ ကရင်သတင်းဌာနကေအိုင်စီ၏ အယ်ဒီတာချုပ်နန်းဖော့ဂေက ပြောသည်။
စစ်အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ မြန်မာတစ်နိုင်လုံးရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီက ဖမ်းဆီး ထောင်ချခံထားရသော သတင်းသမားစုစုပေါင်း ၁၇၀ ဦး အနက် ၁၁၈ ဦးသာ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း IPCM ၏ အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ သတင်းသမားများ ဖမ်းဆီးခံရမှုအများဆုံး ကမ္ဘာ့နိုင်ငံများအနက် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေကြောင်း နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် – IFJ က မေလ (၈) ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
KIC ပေးပို့သည်။