မင်းပြားမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို AA ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေ

0
447
ပုံစာ - ယခင်ရခိုင်တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့မှုဖြစ်စဉ်တခု။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများကပြောသည်။

မင်းပြားမြို့နယ် ဖားပြို (အောက်) ရွာအနီး ရှိ ပြည်ထောင်စုကားလမ်းမကြီးတွင် သွားလာနေသည့် စစ်ကောင်စီ ယာဥ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် အာရက္ခစစ်သည်တော်များက လိုက်လံတိုက်ခိုက်ရာမှ နှစ်ဘက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖားပြိုကျေးရွာသားတစ်ဦးက ပြောသည်။

“အောက်ဖားပြိုရွာနားက ကားလမ်းမှာသွားနေတဲ့ စစ်တပ်ကားတွေကို AA က တိုက်ခိုက်တာ။ အဲဒီကနေ နှစ်ဘက်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ မနက် ၈ နာရီကျော်လောက်က အဆိုပါကျေးရွာအနီး ကားလမ်းပေါ်သွားနေသည့် စစ်ကောင်စီကား ၃ စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီဘက်က စစ်ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) ဘက်မှ သိမ်းပိုက်နိုင်ခဲ့သည်ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဖားပြိုရွာနားမှာ စကစ ကားနှစ်စီးကို သိမ်းနိုင်ခဲ့တယ်။ ဘယ်စစ်ကောင်စီတပ်ကလဲဆိုတာ နယ်မြေရှင်းလင်းမှ သိရမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မင်းပြားမြိုနယ်၊ မေလွမ်းရွာနှင့် ကြက်ယက်‌ကျေး အနီး၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

“ဖားပြိုနားမှာ စကစ တပ်ရှိတယ်။ အဲဒီနားမှာ စကစကားတွေ မိုင်းနဲ့ တိုက်ခံရတယ် ကြားတယ်။ တိုက်ပွဲ ပြင်းထန်နေတယ်” ဟု ပြောသည်။

လူသားချင်း စာနာထောက်ထားမှုအရ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ စတင်ကာ ယာယီရပ်နားထားခဲ့သည့် ရခိုင်တိုက်ပွဲသည် နိုဝင်ဘာလ ၁၃ ရက်မနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်တွင် တစ်ဖန်ဖြစ်ပွားရာမှ ပြန်လည် စတင်ခဲ့သည်။

ယနေ့ နံနက် ၅ နာရီအချိန်လောက်က ရသေ့တောင်နယ်ခြားစောင့်စခန်းများဖြစ်သည့် ချိန်ခါလီစခန်းနှင့် ဒုံးပိုက်စခန်းတို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယခုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here