မင်းပြားမြို့နယ်တွင် ငှက်ဖျားဖြစ်ပွားမှုမြင့်တက်နေပြီး သေဆုံးသူ ၅ ဦးအထိရှိလာ

0
131
ပုံစာ - မင်းပြားမြိုနယ်အတွင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ငှက်ဖျားရောဂါဖြစ်ပွားနေသူကို ဆေးကုသမှုပေးနေစဉ်။ (Photo – APM)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ဆေးဝါးရှားပါးမှုကြောင့် အချိန်မီ ဆေးကုသခွင့်မရဘဲ သေဆုံးသူ ၅ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

မင်းပြားမြိုနယ်ရှိ ခွေးချေးမြောင်၊ ပန်းမြောင်း၊ ထိန်ပင်၊ အညင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဝါးတောင်၊ မြင်းကမ်းဆိပ်၊ မင်းဖူး စသည့် ကျေးရွာပေါင်း ၂၀ ကျော်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး ကူးစက်ခံရမှုလည်း မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။

မင်းပြားဒေသခံ အမျိုးသားတစ်ဦးက “လူအများစုက ရိုးရိုးဖျားတယ်ထင်ပြီး သောက်ဆေးတွေသောက်ပြီး နေကြတယ်။ လုံးဝတောင့်မခံနိုင်တဲ့ အချိန်ကျမှ ဆေးရုံဆေးခန်းသွားပြတော့ လမ်းခရီးမဖြောင့်တာနဲ့ အချိန်မီ မကုသနိုင်လို့ အသက်သေဆုံးတာတွေရှိတာ” ဟု ပြောသည်။

မင်းပြားမြို့နယ်မှ ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲကြောင့် တောတောင်ထဲသွားပြီး ဟင်းရှာ၊ ထင်းခုတ် စသည့် အလုပ်များကို လုပ်ကိုင်ကြရပြီး ခြင်မှတဆင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ရွာကလူတွေက တောင်ထဲသွားပြီး ထင်းခုတ်တော့ ညအိပ်နေရတဲ့အခါလည်းရှိတယ်။ အဲမှာ ခြင်ကိုက်ခံရတော့ ရွာကိုရောက်တာနဲ့ အဖျားကြီးပြီးတော့ ငှက်ဖျားစဖြစ်တယ်” ဟု မင်းပြားဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ငှက်ဖျားရောဂါ ဖြစ်ပွားနေသည့် ကျေးရွာများသို့သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငှက်ဖျားနှင့်ပတ်သက်၍ အသိပညာပေးများကို လုပ်ဆောင်နေကြောင်း သိရသည်။

လမ်းခရီးပိတ်ဆို့ထားခံထားသည့် ရခိုင်ဒေသတွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကြောင့် ဒေသခံများမှာ ဝမ်းရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်ရုန်းကန်ရာမှ ယခုကဲ့သို့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကိုပါ ရင်ဆိုင်နေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here