မင်းတပ်မြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့်အပြင်းအထန်တိုက်ခိုက်

0
101

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ် ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မီနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၆ လုံးခန့်ဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံများက ပြောဆိုသည်။

မင်းတပ်မြို့ပေါ်ရှိ ခြေလျင်တပ်ရင်း – ၂၇၄ တပ်ရင်းကလည်း မင်းတပ်မြို့နှင့် ယောအစပ်က နေရာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟုလည်း ၎င်းတို့က ပြောသည်။

“အခုရက်ပိုင်း စစ်ကောင်စီက ကင်းထောက်လေယာဉ် ဒရုန်းတွေနဲ့ ကင်းထောက်နေတဲ့အတွက် မြို့အနီးအနား ပြည်သူများ စုဝေးမနေကြဖို့၊ ပွဲလမ်းသဘင်တွေ မလုပ်ကြဖို့ သတိပေးလိုတယ်။ ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

မြို့အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေမှုနှင့်ပတ်သက်၍ လတ်တလောမှာ အရပ်သား ပြည်သူများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်း မသိရသေးကြောင်း ဒေသခံက ပြောသည်။

ဇူလိုင်လ ၈ ရက်က မင်းတပ်မြို့ တိုက်နယ် ၃ ဘက်ရှိ ဥယျာဉ်ခြံတစ်နေရာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ပေါ် စစ်စခန်း ရဟတ်ယာဉ်ဖြင့် စစ်အင်အား တိုးမြှင့်ချထားပြီး ခံစစ်အတွက် ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေးကို စစ်ရေးရည်မှန်းချက်ချထားကြောင်း ချင်းညီနောင်တပ်ဖွဲ့များက ကြေညာထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here