မင်းတပ်မြို့ပေါ်က အသက်မပြည့်သေးသေ ာကျောင်းသူ ၂ ဦးကို CDF-မင်းတပ် ဖမ်းဆီးခေါ်သွားဟုဆို

0
131
Photo – CDF-Mindat

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင်နေထိုင်သော အသက်မပြည့်သေးသည့် ရှစ်တန်းကျောင်းသူ မိန်းကလေး ၂ ဦးကို CDF- မင်းတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း မင်းတပ်မြို့ခံများ ပြောဆိုမှုအရ သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က မင်းတပ်မြို့ပေါ်ရှိ စံပြဘဝသစ်ရပ်ကွက်တွင် နေထိုင်ကြပြီး အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေကြသော အဆိုပါကျောင်းသူ ၂ ဦးသည် ထမင်းစားအပြန်တွင် CDF- မင်းတပ် တပ်ရင်း ၃ က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ယင်းဖြစ်စဉ်ကိုသိရှိသူ မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“သောကြာ (ဩဂုတ်လ ၃၀ ရက်) နေ့က ကျောင်းသူတွေ ပျောက်တာ၊ မင်းတပ် တပ်ရင်း (၃) က ဖမ်းထားတာ၊ နေ့လယ်ကျောင်းဆင်း ထမင်းစားဖို့သွားရင်းနဲ့ CDF တွေက ခေါ်သွားတာ၊ သူတို့က အသက်လည်းမပြည့်သေးဘူး။ မနေ့က CDF-တပ်ရင်း (၃) ကိုယ်တိုင်က ဖုန်းဆက်လာပြီး မင်းတပ်တပ်ရင်းကို သက်ရှိထင်ရှား ရောက်ပါတယ်၊ မိဘတွေ စိုးရိမ်ပူပန်မှုလျော့သွားအောင် ဆက်သွယ်လာတယ်လို့ ပြောတယ်။ သူတို့ခေါ်တာ သေချာတယ်၊ အခုထိ တော့ ပြန်မလွတ်လာသေးဘူး” ဟု အဆိုပါမင်းတပ်မြို့ဒေသခံက ပြောသည်။

CDF-မင်းတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော ကျောင်းသူ ၂ ဦးမှာ အသက် ၁၅ နှစ် အရွယ်ခန့် ရှိကြသော ရှစ်တန်းကျောင်းသူ မချယ်ရီမောင်နှင့် မေထန်းသီးအွယ်တို့ ဖြစ်ကြသည်ဟု ၎င်းက ဆိုသည်။

မင်းတပ်မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ် CDF – မင်းတပ်က အသက်မပြည့်သေးသည့် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်နေမှုများ ရှိနေသောကြောင့် ကျောင်းသားမိဘများ စိုးရိမ်ပူပန်နေကြသည်ဟု အဆိုပါမင်းတပ်မြို့ဒေသခံက ပြောသည်။

“သူတို့ အခုဖမ်းတာကလည်း စုဆောင်းဖို့လည်း ဖမ်းတယ်လို့ထင်တယ်။ အရေးယူမှုအတွက် ဖမ်းတယ်လို့ မထင်ဘူး။ ထမင်းချက်ဖို့၊ ရေခတ်ဖို့၊ မြို့သိမ်းတိုက်ပွဲအတွက် စုဆောင်းထားဖို့ ဖြစ်မယ်လို့ ခန့်မှန်းတယ်။ အခု နှစ်ယောက်က သူတို့လုံခြုံသလားတော့ မသိဘူး။ အဝတ်အစားလည်း အပိုလည်း မပါသွားဘူး။ ကျန်းမာရေးလည်း သိပ်မကောင်းဘူးဆိုတော့ ဘယ်လိုလုပ်ကြသလဲဆိုတာလည်း ပြောလို့မရဘူး။ သူတို့မိဘတွေက ကျန်းမာရေး လည်း မကောင်းတဲ့အတွက်ကြောင့် ပြန်ရွေးပါ့မယ်လို့ ပြောသံကြားတယ်” ဟု ၎င်းကပြောပါသည်။

ထို့အပြင် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်မူထမ်းရန် လူစုဆောင်းခြင်း၊ အသက်မပြည့်သည့် လူငယ်များအား ညအချိန် နေအိမ်ထိ ဖမ်းဆီးမှုများလည်း ရှိနေသည်ဟု သတင်းများထွက်ပေါ်နေပြီး သီးခြားအတည်ပြု၍ မရသေးပေ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ CDF – မင်းတပ် တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်လို့ မရရှိသေးပေ။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ တိုက်နယ် အမှတ် (၅) အတွင်းရှိ ကျေးရွာများတွင်လည်း တရွာလျှင် (၅) ဦးနှုန်းဖြင့် လူငယ်၊ လူလတ်ပိုင်းအား စစ်မူထမ်းရန် CDF-Kanpetlet က ခေါ်ယူစုဆောင်းနေမှုများရှိပြီး မကြား ကျေးရွာက လူငယ် (၃) ဦး၊ တုံငယ်ကျေးရွာ လူငယ် (၂) ဦး၊ ခါပန်းကျေးရွာ လူငယ် (၆) ဦး တို့ကို စစ်မူထမ်းရန် အာရက္ခတပ်တော် (AA) သင်တန်းကျောင်းသို့ ခေါ်ဆောင်ခဲ့သည်ဟု ကန်ပက်လက်မြို့နယ် အမှတ် (၅) ပြည်သူလူထုက စက်တင်ဘာလ (၁) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here