27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမင်းတပ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ လအတွင်း ဒေသခံ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိ

မင်းတပ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ လအတွင်း ဒေသခံ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယခု ၂၀၂၅ ခုနှစ် ၅ လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈ ကြိမ်ပြုလုပ်ခဲ့ရာ သေဆုံးသူ ၁၀ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦး အထိရှိသည်ဟု ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၁၈ ကြိမ်နှင့်အတူ ဗုံးအလုံးရေ ၄၀ ကျော် ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အဦး ၁၁ လုံး၊ အစိုးရဌာန အဆောက်အဦး ၂၆ လုံး၊ ပုဂ္ဂိလကအဆောက်အဦး ၇၁ လုံး စုစုပေါင်း ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

၅ လတာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများသည် မင်းတပ်မြို့ပေါ်က ဘဝသစ်ရပ်ကွက်ကို ၄ ကြိမ်၊ အရှေ့ပြင်ရပ်ကွက်ကို ၃ ကြိမ်၊ စံပြရပ်ကွက်ကို ၂ ကြိမ်နှင့် မင်းတပ်မြို့နယ်ထဲကျေးရွာများကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် CDF မင်းတပ်၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် မင်းတပ်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်ထားကြောင်း၊ မင်းတပ်မြို့ပေါ်တွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ ကြောင့် မင်းတပ်မြို့ပေါ်တွင် ဒေသခံများ ပြန်လည်အခြေချနေထိုင်မှု နည်းပါးကြောင်း သိရသည်။

KMG ပေးပို့သည်။