ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၄) ရှိ ရှိမ်းကျေးရွာ၊ တိုက်နယ်အမှတ် (၂) ချပ်ကျေးရွာ၊ (၃၇) မိုင်ကြားတနေရာနှင့် တိုက်နယ် (၃) တနေရာကို စစ်ကောင်စီက MIG-29 ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးအပြင် ဗုံးအသေး ၃ လုံးခန့်ကြဲချပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။
မင်းတပ်မြို့နယ်ခံ စစ်ဘေးရှောင်အမျိုးသမီးတဦးက “ချပ်ရွာရဲ့ ရွာပြင်ဘက်မှာကျတာ၊ လူထိခိုက်မှုမရှိဘူး၊ ကားလမ်းတွေပျက်စီးတယ်။ အခုက တိုက်ပွဲမဖြစ်ဘူး၊ ဒီအတိုင်း ရမ်းသမ်းပြီးကြဲတာနဲ့ အရင်က စစ်ဘေးရှာင်စခန်းတွေ အဓိကကြဲခဲ့ပေမယ့် အခုနောက်ပိုင်း ကာကွယ်ရေးစခန်းတွေဘက်ကို ကြဲတာစိပ်လာတယ်” ဟု ပြောသည်။
ယင်းသို့ လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၆ ရက်က အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံးအပြင် ပေါင် ၂၀၀ အားရှိသည့် ဗုံးသီး ၈ လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ကားလမ်းနှင့် အခြားပျက်စီးမှုများရှိကြောင်း သိရသည်။
စစ်ကောင်စီက မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကို ထောက်ပို့လေယာဉ်မှတဆင့် လေထီးများဖြင့် လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပစ္စည်းများလည်း အဆက်မပြတ်ဖြည့်တင်းနေသည်ကို တွေ့ရှိရကြောင်း မင်းတပ်မြို့ခံများက ပြောသည်။
မင်းတပ်မြို့ခံတစ်ဦးက “ရိက္ခာက တရက်ခြား၊ ၃ ရက်ခြားနဲ့ တောက်လျှောက်လာချတယ်။ တပ်က မင်းတပ်ကို ပြန်ခုခံဖို့ သဘောရှိတယ်။ မြို့ထဲကပြည်သူတွေကလည်း တော်တော်လေး စိတ်ပူနေကြတယ်” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့၌ ထုတ်ပြန်သော ကြေညာချက်တွင် ဩဂုတ် ၂၇ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီက ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုတို့တွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀ ဦးအထိ သေဆုံးခဲ့ကြောင်း ဖော်ပြပြောဆိုထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပြစ်မဲ့အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပြုလုပ်နေသောကြောင့် စစ်ကောင်စီအား စစ်ရာဇဝတ်ကောင်၊ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကာ တရားမျှတမှုရရှိတဲ့အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KMG ပေးပို့သည်။