ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့တာကြောင့် နေအိမ် ၇ လုံးခန့်နှင့် ဘုရားရှစ်ခိုးကျောင်း ၂ ကျောင်း ပျက်စီးသွားကြောင်း ဒေသခံတို့ထံက သိရသည်။
တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို စစ်ကောင်စီက နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၂ နာရီ ၁၁ မီနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပေါင် ၅၀၀ ဗုံးကိုပါ အသုံးပြု တိုက်ခိုက်သကဲ့သို့ ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။
မင်းတပ်မြို့ ဒေသခံတစ်ဦးက “လူနေအိမ်တွေနဲ့ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးတာက ဆိုးဝါးတယ် ပြောပါတယ်။ အရပ်သားထိခိုက်မှု ရှိ၊ မရှိကတော့ မေးမြန်းနေတုန်းပါ။ အသေးစိတ်ထပ်မံ သိရဖို့ကလည်း မေးနေတုန်းပါ” ဟု ပြောသည်။
အလားတူ နိုဝင်ဘာ ၅ ရက် နံနက် ၁ နာရီ ၄၀ မီနစ်ခန့်ကလည်း မင်းတပ်မြို့အနီးတနေရာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ဗုံး ၄ လုံးကျော်ဖြင့် တိုက်ခိုက်သွားပြီး ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံတို့က ပြောသည်။
အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ ထောက်ပို့ကင်းထောင် Y- 12 လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ နီးပါး ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက် မှုကြောင့် CDF – မင်းတပ်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ရပြီး ၁ ဦးမှာ ယာဉ်မတော်တဆမှုကြောင့် ကျဆုံးခဲ့ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။
KMG ပေးပို့သည်။