မင်းတပ်နှင့်ဖလမ်းတွင် တလနီးပါးကြာတိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နေရာတချို့ ထိန်းချုပ်ထားနိုင်ပြီဟုဆို

0
177

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် ချင်းညီနောင်အဖွဲ့၏ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် တိုက်ပွဲများ တလနီးပါးကြာ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နေရာတချို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မင်းတပ်နှင့် ဖလမ်းမြို့ပေါ်က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းပူးပေါင်းတပ်များနှင့် မဟာမိတ်အဖွဲ့များက နိုဝင်ဘာလ ၉ ရက်မှစတင်၍ တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဒီဇင်ဘာလပထမပတ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

“စစ်ရေးကတော့ မင်းတပ်ရော၊ ဖလမ်းဘက်ရော နေ့တိုင်းတိုက်ပွဲကတော့ ရှိပါတယ်။ ထိန်းချုပ်နိုင်ပြီဆိုတာက အရေးကြီးတဲ့စခန်းတွေ ကျန်ပါသေးတယ်။ ကြိုးစားနေတဲ့ အခြေအနေမှာ ရှိပါတယ်။ လေယာဉ်ကတော့ တောက်လျှောက်ပါပဲ။ အဓိကက ကျနော်တို့စစ်ရေးဘက်နဲ့ မဆိုင်တဲ့ ပြည်သူတွေရဲ့နေရာတွေကို ပစ်ခတ်တာတွေ ရှိတယ်။ ရွာတွေမှာပေါ့လေ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ အခိုင်အမာစခန်းတချို့ ကျန်ရှိနေသေးပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် စစ်ကောင်စီဘက်က ခုခံလျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၊ ဆူရ်းဘုန်လေယာဉ်ကွင်း တောင်ကြောဘက်ကို ဒီဇင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခလရ – ၂၆၈ တပ်ရင်းကိုလည်း လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များ လေကြောင်းဖြင့် ဖြည့်တင်းခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်နှင့် စစ်ကောင်စီစခန်းအများအပြားကိုလည်း ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်ကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အောင်မြင်မှုများ ရရှိထားကြောင်း၊ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း မင်းတပ်မြို့နယ်- ပအဖမှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“မင်းတပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီးဆိုတာက မဟုတ်မမှန်ပါဘူး။ နည်းနည်းချဲ့ကားတဲ့ သဘောမျိုးပါ။ ကျနော်တို့ထိန်းချုပ်နိုင်တဲ့ အပိုင်းတွေ၊ သိမ်းယူနိုင်တဲ့စခန်းတွေ တော်တော်များများ ရှိပါတယ်။ ဒါကိုလည်း နောက်မှပဲ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ လောလောဆယ်ပြောနိုင်တာက ဖလမ်းမြို့ရော၊ မင်းတပ်မြို့ရော စစ်ကောင်စီ ကင်းစင်သွားတာမျိုး၊ အပြည့်အဝထိန်းချုပ်နိုင်တာမျိုးက မရှိသေးပါဘူး” ဟု ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့နှင့်ဖလမ်းမြို့တို့ကို ချင်းညီနောင်နှင့်ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီဟု Mandalay Free Press – MFP က ရေးသားဖော်ပြခဲ့ပြီး ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း၊ ချဲ့ကားရေးထားခြင်းသာ ဖြစ်ကြောင်း ချင်းညီနောင်တာဝန်ရှိသူများက ပြောသည်။

လက်ရှိ ချင်းညီနောင်စစ်ဆင်ရေးတွင် စစ်ကိုင်းမှ တော်လှန်ရေးအင်အားစုများဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

မကွေးတိုင်းထဲနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောဆိုသည်။

တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုရှိနေသကဲ့သို့ ချင်းမဟုတ်သော တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ကျဆုံးမှု ရှိသည်ဟု သိရသည်။

မင်းတပ်မြို့နှင့် ဖလမ်းမြို့က ချင်းညီနောင်စစ်ဆင်ရေးကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် စစ်ကောင်စီက ခုခံတိုက်ခိုက်လျက်ရှိပြီး မြို့ပေါ်နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့က ဖလမ်းမြို့၊ လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်း ၂ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here