မင်းတပ်တွင် မြေမြှုပ်မိုင်းကြောင့် ဥယျာဉ်ခြံသွားသည့် အမျိုးသားတစ်ဦး ခြေတစ်ဖက်ဆုံးရှုံး

0
236

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘောင်ထဲရွာတွင် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဥယျာဉ်ခြံသွားသော ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးလိုက်ရကြောင်း ဒေသခံများက ပြောသည်။

မင်းတပ်မြို့ခံတစ်ဦးက “တခြားလူတွေကလည်း အခင်းဖြစ်တဲ့နေရာကို မသွားရဲကြဘူး။ အဲဒီလမ်းကြောင်းမှာက မိုင်းတွေ အများကြီး ရှိနေတယ်လေ။ မြေမြှုပ်မိုင်းတွေက ဘယ်အနားရှိမှန်းလည်း မသိကြလို့ပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေတွေလည်း သေချာမသိရသေးဘူး။ ဖုန်းလိုင်းက တမြို့လုံး အခုပြတ်နေတယ်” ဟု ပြောသည်။

အရှေ့ပြင် သင်္ချိုင်းနှင့် ဘောင်ထဲရွာကြားတွင် စစ်ကောင်စီတပ်ကထောင်ထားသော မြေမြှုပ်မိုင်းများကို ယင်းဒေသခံအမျိုးသားက နင်းမိခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင်လည်း ထိုလူနာကို ဆေးရုံသို့ မပို့ပေးနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်အင်အားနှင့် ရိက္ခာလက်နက်ခဲယမ်းများ ဖြည့်တင်းထားပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာနေသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့က မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သား ၆ နှစ် အရွယ်ကလေးငယ်အပါအဝင် သားအမိ ၂ ဦး သေဆုံးသွားပြီး အရပ်သား ၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လအတွင်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှု ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး စာသင်ကျောင်းနှင့် ဘုရားကျောင်းအပါအဝင် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here