စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရှိ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်တစ်ဦးမျှ မရှိခြင်းကြောင့် ပြင်းထန်ရောဂါများအတွက် ဒေသခံများသည် ကလေးမြို့ဆေးရုံများသို့ သွားရောက်ကုသနေရပြီး အခက်အခဲများ ကြုံနေကြရသည်ဟု ဒေသခံများက ပြောဆိုသည်။
လက်ရှိ၌ မင်းကင်းမြို့ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆရာမ၊ သူနာပြုများသာရှိပြီး ဖျားနာခြင်း၊ ထိခိုက်ရှနာဒဏ်ရာများကိုသာ ကုသမှုပေးနိုင်ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
“ဖျားတာနာတာလောက်ပဲပေါ့၊ ခွဲစိတ်တာ ဘာညာတော့ မရဘူး။ လွှဲရမယ့်ဟာဆို လွှဲတာပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနိုင်တဲ့သူတွေကြတော့လည်း သွားကြတာပေါ့။ သွားမရတဲ့သူတွေကြ ဒီအတိုင်းနေနေရတာပါ့။ တောင်းတာကို ချမပေးဘူး။ လာမယ့်ဆရာဝန်တွေက အလုပ်ထွက်ကုန်ကြတာလေ” ဟု မင်းကင်းမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
မင်းကင်းမြို့ပြည်သူ့ဆေးရုံတွင် လစ်လပ်နေသည့် ဆရာဝန်နေရာကို ချထားပေးရန်အတွက် ဒေသခံများက တောင်းဆိုကြသော်လည်း တိုက်ပွဲများကြောင့် ဆရာဝန်ရောက်ရှိနိုင်ခြင်းမရှိကြောင်း သိရသည်။
မင်းကင်းမြို့ပေါ်၌နေထိုင်သည့် ဒေသခံများအပြင် မြို့နယ်အတွင်းရှိ ကျေးရွာခံများအားလုံး ကလေးဝမြို့နှင့် ကလေးမြို့ရှိ ဆေးရုံများကိုသာ သွားရောက်ကုသနေကြရပြီး လမ်းခရီးအခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။
“ခွဲစိတ်ဘာညာကတော့ ကိုယ့်ဖာသာကို ဖြေရှင်းရတာပေါ့။ သွားရတာပါ့ လမ်းခရီးကို၊ ကိုယ့်လမ်းနဲ့ကို သွားရတာပါ့၊ ကြီးကြီးမားမားကြီးက မရှိသေးပါဘူး။ ဆီးကျောက်တည်တာတွေလောက်ကို အဖြစ်များတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
မင်းကင်းမြို့တွင် ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ထားသည့် ကျေးရွာများက ဒေသခံများသည် ခွဲစိပ်ကုသမှုနှင့် ဆေးကုသရန် အရေးပေါ်လိုအပ်သူတို့က စစ်ကောင်စီတပ် ရဟတ်ယာဉ်နှင့် မုံရွာမြို့ (သို့) ကလေးမြို့သို့ လိုက်ပါကုသခွင့်ရကြပြီး တခြားကျေးရွာများက ဒေသခံများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဆေးကုသ နေကြရကြောင်း မြို့ခံများက ပြောသည်။
မင်းကင်းမြို့နယ်၏ ၂၀၂၃ ခုနှစ် ဒေသဆိုင်ရာအချက်အလက်များအရ လူဦးရေ ၁ သိန်းကျော်အတွက် ကုတင် (၅၀) ခန့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါကုဆရာဝန် (၁) ဦး၊ သူနာပြု (၅) ဦးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ပိုင်းကနေစ၍ သူနာပြုများဖြင့်သာ လည်ပတ်နေ ကြရကြောင်း သိရသည်။
မင်းကင်းမြို့နယ်အတွင်း တီဘီရောဂါအဖြစ်များပြီး ၂၀၂၃ ခုနှစ်အတွင်း ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အချက်အလက်စာရင်းများအရ သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။