
မကွေးတိုင်းတွင် စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ဒေသခံပြည်သူများ စိုက်ပျိုးရေးအတွက် အခက်အခဲ တွေ့နေရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ရိက္ခာနှင့် သွားလာရေးအတွက် အခက်အခဲ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနှင့် တော်လှန်ရေးအင်အားစုတွေက ပြောသည်။
စက်သုံးဆီစျေးမှာ တစ်လီတာကို ကျပ် ၅၀၀၀ ကနေ ၈၀၀၀ ကျပ် အထိ စျေးနှုန်းမြင့်တက်နေတာကြောင့် အခက်တွေ့နေကြရလို့ ပေါက်မြို့နယ်ဒေသခံ တစ်ဦးက ပြောဆိုသည်။
“အဓိက ကတော့ ခုကာလက အညာမှာ ကြက်သွန်စိုက်တဲ့ ရာသီပေါ့၊ ကြက်သွန်က ပျိုးပြီးနေပြီ၊ နောက်လုပ်ငန်းစဉ်တွေ ဆက်လည်ပတ်ဖို့က စက်သုံးဆီက အရေးကြီးတယ်။ ဒါပေမဲ့ လုံလောက်အောင် မရတာရယ်၊ စျေးမြင့်နေတာရယ်ကြောင့် မကိုက်ဘူး။ ကြက်သွန်စိုက်တောင်သူတွေတော့ အတော်လေး ဒုက္ခရောက်နေတယ်။ တွေးကို မတွေးရဲစရာပဲ” လို့ ၎င်းက ပြောသည်။
တော်လှန်ရေးတပ် အားကောင်းသည့် ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်မှာ ပြီးခဲ့သည့် အောက်တိုဘာလက ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၅၀၀ ဝန်းကျင်သာ ရှိခဲ့သည်ဟု ဆိုသည်။
ယောဒေသတွင် စက်သုံးဆီ အများအပြား သိုလှောင်ထားသူတွေကို ရှာဖွေဖော်ထုတ်အရေးယူဖို့ စစ်ကောင်စီက ရုံးတွင်းစာတစ်စောင် ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းအချက်အလက်တွေ ဖော်ပြနေသည့်ယောအလင်းတန်းမှာ အသိပေးထားသည်။
ဒေသခံတစ်ဦးက အဲဒီလိုအရေးယူဖို့ မဖြစ်နိုင်သလို စက်သုံးဆီတွေဟာလည်း စစ်ကောင်စီတပ်၏ ဂိတ်တွေကို ဖြတ်ပြီးမှ ရောက်ရှိလာတာဖြစ်သလို လက်တလော နယ်မြေအခြေအနေမှာလည်း NUG အစိုးရနဲ့ တော်လှန်ရေး အဖွဲ့တွေ အားကောင်းတာကြောင့် ရှာဖွေဖမ်းဆီးဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုသည်။
မကွေးတိုင်းအတွင်းက စစ်ကောင်စီနယ်မြေ စိုးမိုးမှုရှိနေတဲ့ နေရာတွေမှာ 95 ဓာတ်ဆီတစ်လီတာကို ၂၆၀၀ ကျပ်နှင့် 92 တစ်လီတာကို ၂၅၁၅ ကျပ် ပေးဝယ်နေရပြီး အဲဒီစျေးနှုန်းဟာ အနိမ့်ဆုံးစျေး ဖြစ်တယ်လို့ ဒေသခံများထံမှ သိရသည်။
“ ယောဘက်မှာတော့ တစ်ဗူးကို ရှစ်ထောင်ဝန်းကျင်လောက် ဖြစ်နေတယ်။ ဒီအချိန်က အဓိက ကတော့ စပါး ခြွေလေ့စက်တွေနဲ့ ရိတ်သိမ်းကြတာ ရှိတယ်။ အဲဒီအချိန်ပေါ့၊ ဒါက ရိုက်ခတ်မှု အများဆုံးရှိနေတယ်” လို့ ABSDF Coulmn 3 ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ABSDF Colum – 3 ရဲဘော်တွေဟာ တောင်သူလယ်သမားတွေရဲ့ စပါးရိတ်သိမ်းတဲ့ လုပ်ငန်းတွေမှာ လုပ်သားရှားပါးမှု ပြဿနာကြောင့် စပါးရိတ်သိမ်းဖို့ ခက်ခဲနေတဲ့သူတွေကို စပါးရိတ်သိမ်းတာတွေ လုပ်အားပေး ကူညီပေးနေတယ်လို့ အသိပေးထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။