မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားရွာရဲစခန်းနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ တိုက်ခိုက်မှု ခံခဲ့ရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရပြီး လက်နက်ငယ်တချို့ ဆုံးရှုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်သည်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ကနေ နိုဝင်ဘာ ၁၅ ရက်နေ့ အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Mi-35 နဲ့ လေကြောင်းပစ်ကူပေးခဲ့တာ Rocket၊ စက်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တာအပြင် စစ်ကောင်စီတပ် ပေါက် က.ပ.စ ၂၄ ကလည်း ၁၂၀ မမ လက်နက်ကြီး ပစ်ကူအကြိမ်ရေ ၁၀၀ ကျော် ပေးခဲ့တယ်လို့ သိရသည်။
မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက “မိမိတို့ကာကွယ်ရေးရဲဘော်တွေက ပျူရွာတစ်ရွာလုံးနီးပါး စီးနင်းနိုင်ခဲ့ပေမဲ့ ရန်သူ့ ဝိုင်းဝန်းပိတ်ဆို့မှုကို ရုတ်တရက်ခံခဲ့ရတာကြောင့် မိမိတို့ကာကွယ်ရေးရဲဘော် နှစ်ဆယ့်တစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ်တချို့ ဆုံးရှုံးခဲ့ရပါတယ်” လို့ ပြောသည်။
တော်လှန်ရေး ရဲဘော်တွေက အီနာဂါ အလုံး ၁၀၀၀ ကျော်နဲ့ တိုက်ခိုက်ပြီး ဇီးပြားစခန်းကို ချဉ်းကပ်တိုက်ခိုက် ခဲ့တဲ့အတွက် ပျူစောထီးကျေးရွာ အတွင်းမှာရှိတဲ့ ဘန်ကာတွေနဲ့ ဘူတာရုံမှာရှိတဲ့ ဘန်ကာတွေကို သိမ်းဆည်း နိုင်ခဲ့ပြီး ပျူစောထီးတွေ စခန်းပြုလုပ်နေတဲ့ အဆောက်အဦးတွေကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၃၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ရှေ့ထွက်မိုင်း ၅ လုံးနဲ့ လက်ပစ်ဗုံး ၈ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရသည်။
ဇီးပြားပျူစောထီး ကျေးရွာစခန်းကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီ အထိုင်စခန်းများ၊ ကန်နီ ပျူစောထီးကျေးရွာ၊ ကိုင်းတောမ ရဲစခန်း၊ တွင်းမ ပျူစောထီးစခန်း၊ သရက်ကန် ပျူစောထီးစခန်းနဲ့ ပခုက္ကူတပ်မ – ၁၀၁ တို့ကိုလည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက လက်နက်ကြီးအပြင် Drone အသုံးပြုပြီး တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရသည်။
ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း- ၁၊၂ ၊ ပေါက်ကျေးရွာတပ်ဖွဲ့၊ YRF-ပေါက်၊ Earthquake Defence Force ၊ တောင်ညိုနဂါးတပ်ဖွဲ့ ၊ Royal 7 တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။