မကြာမီအချိန်တွင်းမှာ ပြည်သူလူထုများ မိမိနေရပ်သို့ ပြန်နိုင်ကြတော့မည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။
ကရင်နီပြည်တွင် ပြည်နယ်၏နေရာအများစုကို ကရင်နီတပ်ပေါင်းစုများမှ တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် IEC ဥက္ကဋ္ဌ ခူဦးရယ်မှ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ မျှော်မှန်းတဲ့ပန်းတိုင်ကို ရောက်ရှိဖို့ မဝေးတော့သလို စိန်ခေါ်မှုများ ဆက်လက်ရှိနေသော်ငြား လည်း မကြာမီမှာ အရပ်ရပ်ကနေ မိမိတို့ဇာတိချက်မြုပ်ရာ မွေးရပ်မြေကို မလွဲမသွေပြန်နိုင်ကြတော့မှာပါ။ ဒါကြောင့် ဒီနှစ်သစ်တလျောက်လုံးမှာ ကျနော်တို့အားလုံး မိမိတို့ရှိတဲ့နေရာကနေ ဆက်လက်ပြီး စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့အတူ တိုက်ပွဲဝင်ကြရင်း လှေခွက်ကြီးကျန် အလံမလှဲ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ ခံယူချက်တွေနဲ့ ဆက်လက်ပြီး အတူကြိုးစား ရုန်းကန်ကြရအောင်လို့ တိုက်တွန်းခွန်အားပေးချင်ပါတယ်” ဟု ဥက္ကဋ္ဌ ခူဦးရယ်က ဆိုသည်။
လက်ရှိ ကရင်နီပြည်၏မြို့တော် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲရုံး၊ လျှပ်စစ်ဦးစီးဌာနရုံးနှင့် ပြည်နယ်ဝန်ကြီးရုံးတို့အပြင် လွိုင်ကော်မြို့၏ ထက်ဝက်ကျော်ကိုလည်း ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။
ထို့အပြင် ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကရင်နီတော်လှန်ရေးအဖွဲ့များမှ ဆက်လက်ထိန်းချုပ်ထား လျှက်ရှိပြီး တိုက်ပွဲများလည်း နေ့စဥ်ရက်ဆက်ဖြစ်ပွားနေသည်ဟု မြေပြင်က သတင်းအရင်းအမြစ်များက ပြောဆိုသည်။
၁၁၁၁ စစ်ဆင်ရေးအတွင်း တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများကြောင့် လွိုင်ကော်မြို့တွင် နေအိမ်ပျက်စီးမှု အများအပြားရှိနေသည်။
လွိုင်ကော်မြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း သူမ၏ အိမ်အပြန်မျှော်လင့်ချက်ကို ယခုလို ပြောပြသည်။
“ပြန်ချင်တယ်ပေါ့။ ကိုယ့်ရပ်ကိုယ့်မြေ သူများနားမှာနေ ဘယ်လောက်ဇိမ်ထားထားလည်း ကိုယ့်အိမ်လောက် ဘယ်ဟာကမှ မကောင်းပဲနဲ့ကို။ ဒါပေမယ့် ပြန်ရင်လည်း ဘာမှမရှိတော့ဘူးဆို အဒေါ်တို့ကတော့ အခုကတည်းက ဘာမှတော့ မမျှော်လင့်ထားပါဘူးလို့၊ အဒေါ်တို့ပြန်ရင်တော့ မိုးကာလေးဘာလေး လှူဖို့တော့ စိတ်ကူးထားပေါ့။ မိုးကာလေးရှိရင် မြေကွက်လေးကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှိနေမှာပဲလေ မဟုတ်ဘူးလား၊ တဲထိုးပြီး နေလို့ရတာပေါ့။ ငါတို့ ကယားပြည်နယ်၊ မြန်မာပြည်ငြိမ်းချမ်းဖို့ကတော့ နံပါတ်ဝမ်းပေါ့။”
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး CDM လုပ်ထားသည့် ကရင်နီပြည်မှ CDM ဝန်ထမ်းတစ်ဦးကလည်း လက်ရှိ IEC ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအပေါ် ယုံကြည်ကြောင်း ယခုကဲ့သို့ ပြောပါသည်။
“ယုံကြည်တယ် ကိုယ့်ပြည်နယ်ထဲက လူတွေပဲဆိုတော့ ယုံကြည်တယ်။ ပြီးတော့ ဖက်ဒရယ်ကိုလည်း မျှော်လင့်တယ်ပေါ့။ ယုံကြည်မှု အပြည့်ပါပဲ။ ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေဆိုတော့ ပြန်မယ်ဆို ပြန်ဖို့အစီအစဥ် ရှိတယ်။ ကိုယ့်အိမ်ကိုပဲလွမ်းတယ်။ ဒီနှစ်တော့ သိပ်တော့မသေချာသေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းလုပ်တာ သင်ခန်းစာလည်းရတယ်။ နောင်တလည်း ရတယ်။ တကယ်တမ်း နိုင်ငံရေး မကောင်းတော့ နိုင်ငံရေးအပေါ်မှာပဲ ကြည့်ရမှာပေါ့။ နိုင်ငံရေး အဆင်ပြေတယ်ဆိုရင်တော့ ပြန်လုပ်ရင်လုပ်မယ်။ မဟုတ်ရင်လည်း တခြားအလုပ် ရှာရင်လည်းရှာမယ်။ အဲ့တခုက နည်းနည်းတော့ စဥ်းစားရတော့မှာပေါ့။ ပြန်လုပ်မလား မလုပ်ဘူးလားဆိုတာ ၅၀/၅၀ ပဲ၊ အဲ့လိုပဲ တွေးတော့တယ်။”
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်သူလူထု လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အား ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု IEC က ပြောဆို ထားသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်တွင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းပြီး အောင်မြင်သည့်နှစ်ဖြစ်အောင် စည်းလုံးညီညွတ်စွာနှင့် ဝိုင်းဝန်းကြိုးစားကြရန်လည်း ကရင်နီပြည် ကြားကာလလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က နှစ်သစ်မိန့်ခွန်းထဲ တိုက်တွန်း ပြောဆိုထားသည်။
NMG ပေးပို့သည်။