ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ၄ ဦး၊ ၂၉ ရက်နေ့မှာ ၂ ဦး စုစုပေါင်း အရပ်သား ၆ ဦးဟာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှု ခံရတယ်လို့ ရွာသစ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
“ရွာသစ်ပြည်သူ ၆ ယောက်ကို စစ်တပ်က ပစ်သတ်သွားတာ။ မြို့ထဲမှာလည်း တော်တော်များများ နေရာယူထားတယ်။ ၂၈ ရက်နေ့လောက်က ပြည်သူ ၅ ယောက်ကိုလည်း ဖမ်းသွားသေးတယ်။ ပြန်တော့ လွှတ်ပေးတယ် အမျိုးသားတွေ။ ၂၇ ရက်နေ့က ၄ ယောက်၊ ၂၉ ရက်နေ့လောက်မှာ ၂ ယောက် အသတ်ခံထားရတာ။ ပြည်သူတွေနေကြတဲ့ ဘုန်းကြီးကျောင်းအနီးနားမှာပဲ ပစ်သတ်တာ၊ ဘုန်းကြီးကျောင်းအပြင် ထွက်လို့တဲ့၊ ၆ ယောက်ထက်လည်း ပိုနိုင်မယ်၊ တောင်ယာက ပြန်လာတဲ့ သူတွေလည်း ပစ်ခံရတယ်လို့ ပြောတယ်။ အတည်ပြုနိုင်တာကတော့ ၆ ယောက်ပါ” လို့ ရွာသစ်မြို့နယ်ခံတစ်ဦးက ပြောသည်။
အဆိုပါ ပစ်သတ်ခံရတဲ့သူတွေဟာ ရွာသစ်ဒေသခံတွေဖြစ်ပြီး ၎င်းတို့ စစ်ဘေး တိမ်းရှောင်နေကြတဲ့ ဘုန်းကြီးကျောင်းထဲကနေ အပြင်ကို ထွက်သွားတဲ့အတွက် ပစ်သတ်ခံလိုက်ရကြောင်းနှင့် စစ်ကောင်စီ တပ်တွေဟာ ဒေသခံတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲကို တစ်နေ့ နှစ်ခေါက် ဝင်ရောက် စစ်ဆေးတာမျိုး လုပ်ဆောင်ခဲ့တယ်လို့ ရွာသစ်မြို့နယ်ခံတွေက ပြောသည်။
လက်ရှိတွင် ဘုန်းကြီးကျောင်းရဲ့အပြင်ဘက်ကို ပြန်ပေးထွက်တာ နှစ်ရက်လောက် ရှိနေပြီလို့ ဒေသခံတွေက ပြောသည်။
ရွာသစ်မြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် အနီးအနားဝန်းကျင်မှာ ဖြစ်ပွားနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုသည်။
“အခုကတော့ အခြေအနေ ငြိမ်တယ်ဆိုပေမယ့် တော်တော်များများကို သူတို့ လိုက်ပတ်စစ်တယ်။ အင်အားတော့ ရာနဲ့ချီ ရှိလောက်မယ်။ တိုက်ပွဲတော့ မဖြစ်ဘူး မြို့ထဲမှာ၊ စိုးရိမ်တာကတော့ လူသားဒိုင်းနဲ့ ပေါ်တာပဲ” လို့ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ နှင့် ၂၇ ရက်နေ့တို့မှာ ရွာသစ်မြို့အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်လူထု ၅၀၀ ဝန်းကျင် ရှိနေတယ်လို့ ရွာသစ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
လက်ရှိမှာ မိုးရာသီဖြစ်တဲ့အတွက် အဆိုပါ စစ်ရှောင်တွေအတွက် မိုးကာတွေနှင့် စားနပ်ရိက္ခာတွေ အထူးလိုအပ်ချက် ရှိနေတယ်လို့လည်း သူက ဆက်ပြောသည်။
ရွာသစ်မြို့အနီး ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။