ဘောလခဲမြို့ စစ်ကောင်စီ ၁၂ မိုင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

0
266

ကရင်နီ (ကယား) ပြည်၊ ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြားရှိ စစ်ကောင်စီ ၁၂ မိုင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။

ဗိုလ်မှူးကြီးဘုန်းနိုင်က “ သိမ်းပိုက်ခဲ့ပါတယ်။ ရန်သူသေတာ ၄ ယောက်ပဲ မြင်တယ်လို့ ရှေ့တန်းတပ်မှူးတဦးက ကျနော်ကို ပြောပါတယ်။ လက်နက်အားလုံး ၁၆ လက် သိမ်းမိရရှိတယ် ပြောပါတယ်။ ကျန်ခဲယမ်းတွေ အပါပေါ့။ မနက် ၆ နာရီအချိန် စတိုက်ပြီး မနက် ၈ နာရီခွဲအချိန်မှာ စခန်းသိမ်းရရှိပါတယ်Óလို့ ပြောပါသည်။

စစ်ကောင်စီဘက်က သေဆုံးမှုများရှိသလို ဘောလခဲမြို့ဘက်ကို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောသည်။

၁၂ မိုင်ကုန်းစခန်းသည် ဘောလခဲမြို့နှင့် ရွာသစ်မြို့နယ်အကြား စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတစ်ခု ဖြစ်ကြောင်းနှင့် အဆိုပါတပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇန်နဝါရီလစပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲအတွင်း MA 1 အမျိုးအစား သေနတ် (၈) လက်၊ MA2 အမျိုးအစား သေနတ် (၁) လက်၊ MA 3 အမျိုးအစား သေနတ် (၁) လက်၊ MA 11 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ စိန်ပြောင်း (၃) လက်၊ ငါးကြင်းမြီး စက်လတ်(၁) လက်၊ ၉ မမ ပစ္စတို (၁) လက် စုစုပေါင်း လက်နက် (၁၆) လက်၊ ခဲယမ်းမျိုးစုံနဲ့ အခြားသော ဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ ၁၂ မိုင်ကုန်းစခန်းကို ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ (၇၈၂၆)၊ တပ်မဟာမှူးရဲဘော်ဆီမိုးနယ်ဦးစီးသည့် ပူးတွဲတပ်ဖွဲ့နှင့် KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်းတပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ အတူတကွပါဝင်တိုက်ခိုက်ကြပြီး သုံ့ပန်းတစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် FFD ဒရုန်းတပ်ဖွဲ့ကလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ၈ ရက်နေ့အထိ ဒရုန်းဗုံးသီး ၄၅ လုံးကို ပစ်ကူပေးခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here