ကရင်နီ (ကယား) ပြည် ဘောလခဲမြို့ပေါ်က ဒေသခံလူထုဟာ ရိက္ခာသယ်ယူခွင့် မရကြတာကြောင့် ဆန်များ ပြတ်လပ်မှုရှိနေပြီး တချို့မှာ ဆန်ပြုတ်သောက်နေရတာရှိသလို ပြောင်းဆံ(ပြောင်းကောက်) တွေထောင်းပြီး ရောနှောချက်စားနေကြရတယ်လို့ ဘောလခဲဒေသခံတွေထံမှ သိရသည်။
“ကျနော်တို့ တကယ်ဒုက္ခရောက်နေတယ်။ တကယ်ဒီမှာ ပြောင်းကောက်ထောင်းစားရတယ်။ ကျနော်တို့စားနေတဲ့ ပြောင်းကောက် မဟုတ်ဘူး။ ကြက်ကျွေးတဲ့ ပြောင်းကောက်ဖြစ်နေတော့ တအားဒုက္ခရောက်တယ်ပေါ့လေ” လို့ ဘောလခဲဒေသခံအမျိုးသားတဦးက ပြောသည်။
လွိုင်ကော်ကနေ ရိက္ခာများသယ်ယူနိုင်သည့် လမ်းကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က လုံခြုံရေးအရ ပိတ်ပင်ထားသလို စစ်ကောင်စီတပ်ဘက်ကလည်း ဂိတ်တွေချပြီး စစ်ဆေးနေကြတာကြောင့် ရိက္ခာသယ်ယူခွင့် မရကြဘူးလို့ ဒေသခံတွေက ပြောဆိုသည်။
“အဖွဲ့များတယ်ဗျာ ဘယ်လိုပြောမလဲ ဟိုတဖွဲ့ကခွင့်ပြုရင် တဖွဲ့ကခွင့်မပြုဘူး ၊ တဖွဲ့ကခွင့်ပြုရင် တဖွဲ့က ခွင့်မပြုဘူး။ အဲ့လိုဖြစ်နေတော့ အဲ့တာ ကျနော် ဘယ်သူ့ကို ပြောလို့ပြောရမှန်း မသိဘူး” လို့ အဆိုပါဘောလခဲ ဒေသခံက ဆက်ပြောသည်။
လက်ရှိမှာတော့ မြို့ထဲရှိ ပြည်သူတွေအချင်းချင်း ချေးငှားစားသောက်ကြရသလို မငတ်ရုံတမယ် ဆန်ပြုတ် ချက်သောက်နေရတယ်လို့ ဘောလခဲဒေသခံ အမျိုးသမီးတဦးက ပြောပါသည်။
“ဆန်ပြုတ်တွေ သောက်တာမလောက်လို့ တချို့အိမ်မှာ ဆန်တဝက်ရှိရင် အတင်းတောင်းဝယ်တယ်။ မရရင် စိတ်ဆိုးကြတယ်Ó လို့ ဘောလခဲမြို့ခံအမျိုးသမီးက ပြောဆိုသည်။
လက်ရှိတွင် ရိက္ခာသယ်ယူနိုင်ရေးအတွက် ကိုယ့်နည်းကိုယ်ဟန်ဖြင့် လွိုင်ကော်မြို့အထိ ခြေလျင်ခရီး သွားရောက် သယ်ယူတဲ့သူတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုသည်။
လက်ရှိအချိန်၌ ဘောလခဲမြို့နယ်အတွင်း ဆန် တစ်အိတ်ကို ကျပ် ၁ သိန်းခွဲ အထိ စျေးရှိနေပြီး၊ သယ်ယူခမှာလည်း ဆန်တစ်အိတ်ကို ကျပ်၁ သိန်းခွဲ အထိ ရှိနေတာပါ။ ဒါကြောင့် ဆန်တအိတ်ကို ကျပ် ၃ သိန်း အထိ ရှိနေတဲ့အတွက် အခြေခံလူတန်းစားများမှာ မဝယ်စားနိုင်တော့ကြောင်း ဘောလခဲမြို့ခံ အမျိုးသမီးတဦးက ပြောပါသည်။
“မဝယ်စားနိုင်ကြတော့ဘူး။ (ဆန်) တဗူး (နို့ဆီဗူး) တထောင်တဲ့” လို့ အဆိုပါဘောလခဲမြို့ခံ အမျိုးသမီးက ပြောသည်။
ဘောလခဲမြို့အတွင်းမှာ ဆန်တွေပြတ်လပ်မှုကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကိုသယ်ယူခွင့်ပြုပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြသည်။
“ကျနော်တို့ကို တခေါက် ဆန်ဖြစ်ဖြစ် ခွင့်ပြုပေးပါ။ မဟုတ်ရင် ဆန်လောက်တော့ ခွင့်ပြုပေးပါ။ ဆားနဲ့ပဲစားစား ဘာနဲ့ပဲစားစား ဆန်တော့ခွင့်ပြုပေးဖို့ ကျနော်အကြံပြုချင်တာပေ့ါနော်” လို့ ဘောလခဲမြို့ခံအမျိုးသားတဦးက ပြောသည်။
ဘောလခဲမြို့ပေါ်၌ နေထိုင်သူများ ရှိနေဆဲဖြစ်ပြီး မြို့နယ်ထဲမှ ကျေးရွာတချို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြို့ခံများထံမှ သိရသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။