ဘောမိရွာတိုက်ပွဲအတွင်း စစ်ကားနှင့် တင့်ကားများအပါဝင် လက်နက်ခဲယမ်းအများအပြား AA သိမ်းဆည်းရမိ

0
93
Photo – AA Info Desk (ပုံဟောင်းဖြစ်သည်)



ဧရာ၀တီတိုင်း၊ ရွှေသောင်ယံမြို့အနီး ဘောမိရွာတိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီထံမှ စစ်ကားများနှင့် တင့်ကားများအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တို့ထံက သိရသည်။

ရွှေသောင်ယံမြို့အနီးရှိ ဘောမိစခန်းကို  ဇန်နဝါရီ ၁၇ ရက်နေ့ကတည်းက အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီလ ၁၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားပြီ။ စစ်သားတွေက နောက်ဆုတ်ထွက်ပြေးတယ်။ စစ်ကားတွေ၊ တင့်ကားတွေ လက်နက်တွေ အများကြီးရထားတယ်။ အလောင်းတွေလည်း သိမ်းဆည်းရမိတယ်။ ဒါပေမယ့် လက်နက်ပစ်ခတ်သံတွေ မစဲသေးဘူး။ ပင်လယ်ပြင်က နေဗီနဲ့ တပင်မှော်ရေတပ်၊ ဝက်သေရွာ အထိုင်ချထားတဲ့ အမြောက်တပ်ကနေ ပစ်ခတ်မှုတွေတော့ ရှိနေပါသေးတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ဘောမိကျသွားပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲသဖြင့် နေအိမ်အများအပြား မီးလောင်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဂွဒေသခံတစ်ဦးက “အခုက မီးခိုးမီးလုံးတွေကို ဂွဘက်ကနေ မြင်ရတယ်။ ဘောမိချောင်းဖျား ကမ်းစပ်ကရွာတွေ လက်နက်ကြီးနဲ့ အပစ်ခံနေရတယ်။ နေဗီကလည်း လက်နက်ကြီးနဲ့ ပစ်သလို လေယာဉ်ကလည်း ဗုံးကြဲတယ်။ အိမ်တွေတော်တော်များများ ပျက်စီးသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် ဘီဘီစီ (မြန်မာပိုင်း) သတင်းတွင်လည်း ဇန်နဝါရီ ၁၈ ရက်နေ့က တိုက်ပွဲအတွင်း ဘောမိရွာကို စစ်ကောင်စီတပ် လေကြောင်းနှင့် ဗုံးကြဲတာကြောင့် နေအိမ်များ ပျက်စီးပြီး ဘုန်းတော်ကြီး တစ်ပါး ပျံလွန်တော်မူခဲ့သည်ဟု ဖော်ပြထားသည်။

“အင်အား၄၀၀ လောက်ရှိသော စစ်ကောင်စီတပ်တွင် ဆယ်ကျော်လောက်သာ ဘောမိက ပြန်ဆုတ်သွားနိုင်သလို ဗျူဟာမှူးလည်း ပျောက်နေသည်ဟု သတင်းရရှိကြောင်း” အဆိုပါဘီဘီစီ (မြန်မာပိုင်း) သတင်းတွင် ဆက်လက်ဖော်ပြသည်။

အာရက္ခတပ်တော် AA သည် မကျီးဇင်အား ဇန်နဝါရီ ၉ ရက်နေ့က သိမ်းပိုက်ပြီး ဘောမိကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထိပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ ဒေသခံများမှာ ရွှေသောင်ယံ၊ ပုသိမ်၊ သာပေါင်းနှင့် နီးစပ်ရာကျေးရွာများကို ရွှေ့ပြောင်းနေကြ သည်ဟု သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here