ဘောမိနှင့် ရွှေသောင်ယံမြို့အကြားရှိ ကျေးရွာများကို စစ်ကောင်စီရွှေ့ပြောင်းခိုင်း

0
107

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဘောမိနှင့် ရွှေသောင်ယံမြို့အကြားရှိ ကျေးရွာများကို စစ်ကောင်စီက အမိန့်ထုတ်၍ ဇန်နဝါရီ ၁၉ ရက်နေ့မှစပြီး ရွှေ့ပြောင်းခိုင်းထားကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

ဘောမိကျေးရွာနှင့် ရွှေသောင်ယံမြို့အကြားတည်ရှိသည့် သဘော့ကန်ကျေးရွာ၊ ဝက်သေကျေးရွာ၊ ပိုးလောင်း ကျေးရွာ တို့ကို စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ပြီး အဆိုပါကျေးရွာများမှ ဒေသခံများသည် ပုသိမ်မြို့နှင့် ရန်ကုန်မြို့များသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“စစ်တပ်က ရွှေ့ခိုင်းတာ၊ အခုတပ်ရင်းမှုးအသစ်၊ အဟောင်းက ထွက်ပြေးသွားပြီ။ အဲ့ဒီရွာတွေက ရွာသားတွေ ချောင်းသာကို အရင်ရွှေ့တယ်။ ဆိုင်ကယ်တွေ တုတ်တုတ်တွေနဲ့ သနားဖို့ကောင်းပါတယ်။ ချောင်းသာက ဒီနေ့ခရီးသည်တင်ကား ကားအစီး ၃၀ ကျော် ထွက်တယ်။ တချို့ပုသိမ် တချို့ ရန်ကုန် ပြောင်းကြပြီ။ သဘော့ကန်၊ ဝက်သေ၊ ပိုးလောင်း၊ ရွာ သုံးရွာက လူတွေပြောင်းကြရတာ” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

လက်ရှိ၌ ရွှေသောင်ယံမြို့နှင့် ဘောမိကျေးရွာကြားတွင် ပစ်ခတ်မှုတချို့ရှိနေပြီး ရွှေသောင်ယံမြို့ ပင်လယ်ပြင်တွင် ရေတပ် (Navy) စစ်သင်္ဘာများဖြင့် စစ်ကောင်စီတပ်က အင်အားတိုးချထားကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

တဖက်တွင်လည်း စစ်ကောင်စီက ကုန်ကားများအား ချောဆွဲကာ ရိက္ခာ၊ လူ၊ လက်နက်များကို တင်ဆောင်အားဖြည့်နေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်တို့က ပြောဆိုသည်။

စစ်ရေးသတင်းရင်းမြစ်တဦးက “ရွှေသောင်ယံနဲ့ဘောမိကြားမှာက စစ်တပ်က အင်အားတော်တော်ဖြည့်ထားတယ်။ ကုန်းတွင်းရော ရေကြောင်းရောပေါ့။ ဟိုဖက်က AA နဲ့ ပူးပေါင်း PDF တွေကလည်း အင်အားတော်တော်များတယ်လို့ ကြားတယ်။ အခုက တင်းမာနေတယ်” ပြောသည်။

စစ်ကောင်စီတပ်တွင် စစ်မှုထမ်းသင်တန်းဆင်းပြီး တပ်သားသစ်အများအပြားပါဝင်နေပြီး ထွက်ပြေးမှုများလည်း ရှိနေသည်ဟု ၎င်းကဆိုသည်။

“စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးတာကို ပြန်ဖမ်းနေရတာတွေရှိတယ်။ စစ်မှုထမ်းသစ်တွေက ရခိုင်ကို ပို့စရာမလိုတော့ ဒီမှာတိုက်ခိုင်းတာလေ။ ကလေးတွေ ကြောက်တော့ပြေးကြတာပေါ့။ AA တို့ဘက်က စိတ်ဓာတ်ပိုင်း အသာရနေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဘောမိကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအများအပြား ကျဆုံးခဲ့ပြီး ကျန်သူများလည်း ထွက်ပြေးသွားခဲ့ကြသဖြင့် နီးစပ်ရာကျေးရွာများနှင့် ကမ်းခြေဒေသများတွင် လိုက်လံရှာဖွေနေကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ထွက်ပြေးလာသည့် တပ်သားများအား စစ်ကောင်စီကဦးဆောင်ပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါ ပူးပေါင်းပြီး လိုက်လံရှာဖွေဖမ်းဆီးနေပြီး လက်ခံထားသူများကိုပါ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ဘောမိကျေးရွာအား အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်တို့မှ ထိန်းချုပ်ထားပြီး ကျေးရွာတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုကာ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here