စစ်ကောင်စီတပ်သား ၆ ဦးထွက်ပြေးသွားပြီးနောက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဖရုံချောင်းကျေးရွာနှင့် ငှက်ပျောချောင်းကျေးရွာတို့မှ ကျေးရွာသားများအား စစ်ကောင်စီတပ်က ကျေးရွာအတွင်း နေထိုင်ခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။
ထိုသို့ နေထိုင်ခွင့်မရသဖြင့် ရွာသားများ ရွာကနေ ထွက်ခွာလာခဲ့ရသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
ကျေးရွာသားတစ်ဦးက “သူတို့တပ်မှာ စစ်သား ခြောက်ယောက်လောက် ထွက်ပြေးသွားတယ်လို့ သိရတယ်။ သူတို့မှာ စစ်သားတွေ ပျောက်သွားတယ်ပေါ့။ အဲဒါ ကျွန်တော်တို့ ရွာသားတွေနဲ့ ဘာမှမပတ်သက်ဘူး။ ဒါပေမယ့် အထက်က စစ်ဗိုလ်တွေ၊ အထူးတပ်တွေ လာမယ်။ ရွာကလူတွေက တစ်ပတ်လောက် ရှောင်နေပါလို့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့လည်း သူတို့ကို ကြောက်တော့ ထွက်လာရတယ်။ ရွာက ထွက်လာတာ ဆယ်ရက်လောက်ရှိပြီ။ ဒါပေမဲ့ ရွာကို ပြန်သွားလို့မရသေးဘူး။ ဝင်ခွင့်မရှိဘူးဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။
ဖရုံချောင်းကျေးရွာတွင် အိမ်ခြေ (၂၀) ခန့်၊ လူဦးရေ ၈၀ ကျော်နှင့် ငှက်ပျောချောင်းကျေးရွာတွင် အိမ်ခြေ (၂၃) ဆောင်နှင့် လူဦးရေ (၁၀၀) ခန့်ရှိပြီး ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်မှစတင်ပြီး ကျေးရွာကို စွန့်ခွာခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ်ရပ်စဲပြီးနောက် ယင်းကျေးရွာ ၂ ရွာအနီးရှိ တောင်တန်းများတွင် စစ်ကောင်စီ တပ်မ (၂၂) တပ်က တပ်စွဲနေထိုင်နေခြင်းဖြစ်သည်။
ယင်းတပ်မှ စစ်သား (၆) ဦးခန့် ထွက်ပြေးသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ အနီးအနားရှိ ကျေးရွာများမှ ကျေးရွာသားများအား တခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေးစေခိုင်းလာခြင်းအပေါ် နားမလည်နိုင်အောင်ဖြစ်ရသည်ဟု ဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့် ဖရုံချောင်းကျေးရွာသားတစ်ဦးက “ကျနော်တို့ကို ခင်ဗျားတို့ အရင်က ဘယ်နေရာတွေမှာ စစ်ဘေးရှောင်ခဲ့လဲ၊ အဲဒီနေရာတွေကို ပြန်သွားနေလို့ ပြောတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖရုံချောင်းကျေးရွာနှင့် ငှက်ပျောချောင်းကျေးရွာမှ ကျေးရွာသားများမှာ မိသားစု၊ ဆွေမျိုးများရှိသည့် အနီးအနားမှ ကျေးရွာများတွင် နေထိုင်နေရသဖြင့် အခက်အခဲများ ရှိနေသည်ဟု ကျေးရွာသားများက ဆိုသည်။
ယခုကဲ့သို့ မိမိနေရာတွင် မနေထိုင်ရဘဲ တခြားနေရာများတွင် တိမ်ရှောင်နေရသည့်အတွက် အလုပ်အကိုင်နှင့် စားဝတ်နေရေး အခက်အခဲများရှိနေသည်ဟု ငှက်ပျောချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့ရွာက ငယ်တယ်ဆိုပေမဲ့ ကျေးရွာသားတွေကတော့ မိမိတို့ရွာပဲ မိမိတို့ လုပ်စားဖို့ တတ်တာကိုး။ အခုက ဆွေမျိုးတွေရွာမှာနေနေရတော့ ဆွေမျိုးတွေပေးတာကို စားနေရတယ်။ စိတ်အားငယ်တယ်ပေါ့။ အကုန်လုံးကတော့ အဲဒီလို ခံစားရပါတယ်။ ပြည်သူလူထုအနေနဲ့က ဘယ်လက်နက်ကိုင်တွေနဲ့ ရောနှောပြီးတော့ မနေချင်ပါဘူး” ဟု ဆိုသည်။
ယင်းကျေးရွာ ၂ ရွာမှ ရွာသားများသည် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန် တိုက်ပွဲအတွင်း နေရပ်ကို စွန့်ခွာနေခဲ့ရပြီးနောက် အပစ်ရပ်ထားချိန် နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ရာမှ ယခုတဖန် စစ်တပ်က ရွာအတွင်းမနေထိုင်ရန် တားမြစ်နေခြင်းဖြစ်သည်။
ယခုကိစ္စဖြင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား လူသားချင်စာနာထောက်ထာမှုဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ အပစ်အခတ်ရပ်စဲထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲပြီးနောက် နယ်မြေအေးချမ်းတည်ငြိမ်နေသည်ဟုဆိုကာ စစ်ကောင်စီက ရခိုင်မှစစ်ဘေးရှောင်အများစုအား ပြီးခဲ့သည့် မတ်လ ပထမပတ်မှစတင်ကာ နေရပ်သို့ အတင်းပြန်ပို့ခဲ့သည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။