ဘူးသီးတောင်တွင် ဆောက်လုပ်ဆဲ မွတ်ဆလင် ဘာသာရေးအဆောက်အအုံအား စစ်ကောင်စီ တားမြစ်

0
290

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာအုပ်စု၊ မီးကျောင်းဈေးကျေးရွာတွင် ဆောက်လုပ်နေသည့် မွတ်ဆလင်ဘာသာရေးအဆောက်အအုံကို ဆက်လက်ဆောင်လုပ်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ဘာသာရေးအဆောက်အအုံကို “တရားမဝင်ဆောက်လုပ်နေသည်” ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာဖြင့်အကြောင်းကြာလာကြောင်း မီးကျောင်းဈေးကျေးရွာ မွတ်ဆလင်အကြီးအကဲတစ်ဦးက ပြောသည်။

“အခုဆောက်လုပ်နေတဲ့ကျောင်းကို အုတ်မြစ်ချပြီး အုတ်တိုင်လောက်ပဲ ထောင်ရသေးတယ်။ သူတို့ (မြို့နယ်ထွေ/အုပ်) ဆီက ခွင့်ပြုချက်ရမှပဲ ပြန်လည်ဆောက်လုပ်ရမယ်။ ကျနော်တို့က ခရိုင်အုပ်ချုပ်ရေးမှူးဆီကိုတော့ စာတင်ထားပါတယ်” ဟု ၎င်းက ပြောသည်။

မီးကျောင်းဈေးကျေးရွာရှိ မွတ်ဆလင်ဘာသာရေးအဆောက်အအုံမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကျေးရွာအတွင်း မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ဝတ်ပြုရာတွင် အခက်အခဲများရှိနေ၍ အဆောက်အအုံသစ် ဆောက်လုပ်နေခြင်းဟု မွတ်ဆလင်များက ပြောကြသည်။

“အဆောက်အအုံ သက်သက်ရပ်ရပ်မရှိတော့ ဖြစ်သလိုဝတ်ပြုရတယ်။ ဝတ်ပြုဖို့အတွက် ဘုရားကျောင်းရှိဖို့လိုတယ်။ အစိုးရအဖွဲ့ (စစ်ကောင်စီ) ဆီကိုတင်ပြရင် ခွင့်ပြုချက်ရမှာမဟုတ်တဲ့အတွက် အဆင်ပြေသလို လုပ်လိုက်တဲ့ သဘောထင်ပါတယ်” ဟု မီးကျောင်းစျေးကျေးရွာသား ဦးမောင်လေးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို DMG က ဆက်သွယ်မေးမြန်းရာ “အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ စီစစ်နေတုန်းကာလမို့ ဘာမှ ပြောလို့မရသေးပါဘူး” ဟု ဖြေကြားခဲ့သည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးထံ ဆက်သွယ်မေးမြန်းရာတွင်လည်း “ကျနော့်မှာပြောခွင့်မရှိ” ဟုသာ တုန့်ပြန်သည်။

လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဧပြီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးလက်မှတ် ရေးထိုးထားသည့် အကြောင်းကြားစာတွင် – မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း လှည့်လည်စစ်ဆေးချိန်တွင် မြို့အနောက်ရပ်ကွက်တွင် တရားမဝင်ဆောက်လုပ်ထားသည့် ဂိုဒေါင်/ဆိုင်ခန်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းအပြင် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာအုပ်စု၊ မီးကျောင်းဈေးကျေးရွာတွင် အာရ်ဗီစာသင်ကျောင်းအား ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဆောက်လုပ်နေမှုကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပါရှိသည်။

ထို့ကြောင့် မောင်တောမြို့တွင် တရားမဝင်ဆောက်လုပ်ထားသော ဂိုဒေါင်/ဆိုင်ခန်းများနှင့် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာမှ အာရ်ဗီစာသင်ကျောင်းအား ကြပ်မတ်ဆောင်ရွက်သွားရန်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက အကြောင်းကြားစာတွင် ညွှန်ကြားထားသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်‌ကျေးရွာတချို့တွင် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ မီးရှို့ခံရမှု၊ မီးလောင်ကျွမ်းမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here