ထိုင်း – မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကစ၍ လျှပ်စစ်မီးဖြတ်တောက်ခံရပြီးနောက် လောင်စာဆီအပါအဝင် အခြားလျှပ်စစ်သုံးပစ္စည်းများ ဈေးမြင့်တက်လာကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ကျားဖြန့်ငွေလိမ်လုပ်ငန်း နောက်ဆက်တွဲပြဿနာကြောင့် ဘုရားသုံးဆူမြို့အပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိမြို့များကို ဖေဖော်ဝါရီ ၅ ရက်နေ့နံနက် ထိုင်းအချိန် ၉ နာရီ မိနစ်ပိုင်းကျော်ချိန်မှစ၍ လျှပ်စစ်မီးဖြတ်တောက်ခံထားရကြောင်း မြို့ခံသတင်းရင်းမြစ်နှင့် ကန်ချနပူရီထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
လျှပ်စစ်မီးဖြတ်တောက်ခံရသဖြင့် အင်တာနက်လိုင်းဆက်သွယ်မှု၊ ရေရရှိမှု ခက်ခဲလာသည့်အပြင် စက်သုံးလောင်စာဆီဈေးနှုန်း တစ်လီတာ ဘတ် ၃၀ ကျော်မှ ၆၀ ကျော်အထိ ဈေးမြင့်တက်လာနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ရေပြတ်သွားတာက ခက်တယ်ပေါ့၊ ဓာတ်ဆီဈေးက ၃၀ ကျော်ကနေ ၆၀ ဘတ် ဖြစ်သွားတယ်၊ ဖယောင်းတိုင်တွေ ဘာတွေလည်း ဈေးတင်ရောင်းနေပြီး၊ အင်တာနက်လိုင်းကတော့ ထိုင်းဘက်ခြမ်းတာဝါတိုင် ရှိနေသေးတယ်။ အဲ့ဘက်မှာတော့ သုံးလို့ရတယ်၊ မြို့လယ်ကသူတွေဆို မရတော့ဘူး ဟိုဖက်မှာသွားသုံးနေကြတယ်” ဟု ၎င်းက ဆိုသည်။
အထူးသဖြင့် လောင်စာဆီစုဆောင်းမှုများလာပြီး ဝယ်ယူရရှိမှုလည်းခက်ခဲလာကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာပင် ကရင်ပြည်နယ် မြဝတီမြို့တွင် နှစ်နေရာ၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း နှစ်နေရာနှင့် ဘုရားသုံးဆူမြို့တို့ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက် ထားကြောင်း သိရသည်။
ထိုင်းအစိုးရဘက်မှ လျှပ်စစ်မီးအပြင် အခြားစားနပ်ရိက္ခာနှင့် ကုန်စည်တင်ပို့ခွင့်တို့ပါ ပိတ်ပင်လာပါက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့ တစုံတရာလှုပ်ရှားမှုရှိလာနိုင်ကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
“မီးဖြတ်တောက်တာတွေ စားနပ်ရိက္ခာ ဝင်လာတာမျိုးကိုလည်း တားမယ်ဆိုရင် ဒီနယ်စပ်ဘက်က မြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေလည်း ဦးဆောင်ပြီး တစ်ခုခုတော့လုပ်ဆောင်ဖို့ရှိတယ်။ ပြည်သူပါခက်ခဲလာနိုင်တယ်ဆို ဘယ်လိုလာမလဲ မသိဘူး၊ KNU ရော DKBA ရော ဘာမှတော့ပြောသံ မကြားရသေးဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် ဘုရားသုံးဆူဒေသကို အဓိကထိန်းချုပ်ထားသည့်အပြင် ကျားဖြန့်ငွေလိမ်လုပ်ငန်းတို့နှင့် ပတ်သတ်မှု ရှိနေသည့် DKBA တပ်ဖွဲ့တို့အနေဖြင့် ဒေသခံတို့ထံ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ တစုံတရာ ပြောဆိုလာခြင်း မရှိသေးပေ။
ထိုင်း – မြန်မာ နယ်စပ်မြို့များအား လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ထိုင်း-မြန်မာ ကုမ္ပဏီ (၅) ခုအား ထိုင်းနိုင်ငံက ရောင်းချပေးနေသော လျှပ်စစ်ဓာတ်အားများကို ဖြတ်တောက်ရန်၊ အစိုးရအမိန့်အား ထပ်မံစောင့်ဆိုင်းရန်မလိုဘဲ လုံးဝဖြတ်တောက်ပစ်ရန်နှင့် အထက်ပါဆုံးဖြတ်ချက်ကို မလိုက်နာပါက “ကျားဖြန့်လုပ်ငန်း အားပေးကူညီမှုဖြင့် အရေးယူသွားရန်” ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ NSC က တိုက်ရိုက် ညွှန်ကြားထားကြောင်းလည်း ထိုင်းနိုင်ငံ ဘက်မှလာသည့် သတင်းများအရသိရသည်။
ဘုရားသုံးဆူမြို့အတွင်း ထိုင်းနိုင်ငံမှထုတ်လွှတ်သည့် လျှပ်စစ်ဓါတ်အား ရောက်ရှိရေးကို မြပန်းကုမ္ပဏီမှ ပြန်လည်ဖြန့်ဖြူးနေပြီး လျှပ်စစ်မီးဖြတ်တောက်မှုပတ်သတ်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အင်တာနက် အခက်အခဲများကြောင့် အဆက်သွယ်မရရှိသေးပါ။
ထို့အပြင် မြဝတီ- ရွှေကုက္ကိုလ်တွင် ကျားဖြန့်နှိမ်နှင်းရေးလုပ်ငန်းများ တင်းကြပ်ထားသည့်နောက် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ရက်အတွင်း ဘုရားသုံးဆူမြို့သို့ တရုတ်နိုင်ငံသား ၄၀၀ ကျော်ခန့် ထပ်မံပြောင်းရွှေ့ဝင်ရောက်လာသေးကြောင်း မြို့ခံတို့၏ ပြောဆိုချက်အရ သိရသည်။
IMNA ပေးပို့သည်။