ဘုတ်ပြင်းတွင် စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

0
317
Photo-ဘုတ်ပြင်းမြို့နယ် ပကဖ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာအနီးတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ် ခြုံခို တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့သည်ဟု ဘုတ်ပြင်းမြို့နယ် (ပကဖ) တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းက ဘုတ်ပြင်းမြို့ထဲမှ လေညာမဏ္ဍိုင်ဘက်ကို အိမ်စီးကား၂ စီးနှင့် ကင်းလှည့်လာသော တပ်အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု အချိန်တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဘုတ်ပြင်းမြို့နယ် (ပကဖ) ၏ ထုတ်ပြန်သည့် အချက်အလက်များအရ သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များတွင် ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၉ တပ်ရင်းက တပ်ဖွဲ့ဝင် ၃ ဦး၊ ခမရ ၅၆၀ တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦး နှင့် ခလရ ၂၂၄ တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရသော်လည်း ဇူလိုင် ၅ ရက် အထိ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးခြင်း မရှိဘဲ စစ်ရေးအခြေအနေ ငြိမ်သက်နေကြောင်း ဘုတ်ပြင်းမြို့နယ်(ပကဖ) တာဝန်ရှိသူက ပြောဆိုသည်။

ပြီးခဲ့သည့် မေ ၈ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာ အနီးရှိ လေညာ – ဘန်ဂလား တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here