ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးတွင် တစ်လကျော်ကြာ ဖြစ်ပွားလျက်ရှိသည့် ဝင်းတာပန်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စေတီတစ်ဆူ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ဒေသခံနေအိမ် ၆ လုံး ထပ်မံ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်အင်အား ၆၀ ခန့် တပ်စွဲနေထိုင်သော ဝင်းတာပန်ကျေးရွာအခြေစိုက် ခြေမြန်တပ်ရင်း- ၄၁၀ အား သိမ်းပိုက်ရရှိနိုင်ရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့ များက ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ မှ စပြီး လက်ရှိအချိန်ထိ ကြိုးပမ်းနေသလို စစ်ကောင်စီဘက်က လက်နက်ကြီး၊ငယ်များ တုံ့ပြန်ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၂၃ ရက်နေ့က ဝင်းတာပန်ရွာကြီးနေ ဒေသခံပိုင် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ ဒီဇင်ဘာ ၂၆ ရက်၊ ၃၁ ရက်နေ့နှင့် ဇန်နဝါရီ ၁၅ ရက်နေ့တို့တွင် စစ်ကောင်စီက ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ဝင်းတာပန်ရွာသို့ ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၆ လုံးအပြင် သာလည်ထစေတီတော်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။
ထိုသို့ပစ်ခတ်မှုများကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရသလို ယနေ့အချိန်ထိ ရွာအတွင်း နေထိုင်သူ အချို့လည်း ကျန်ရှိနေပြီး KNDO ပူးပေါင်းတပ်က ရွာအတွင်းမှနေ၍ ဝင်းတာပန်စခန်းမှတပ်များကို ဝိုင်းထားသည့် အနေအထားဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“လူအထိအခိုက်တော့ မကြားမိဘူး ရှောင်စရာကတော့ လေးကေတို့ မြစ်ကျိုးရွာတို့ဘက်ကို ရှောင်ကြတယ်။ တချို့ကျတော့လည်း မရှောင်ဘူး ရွာထဲမှာနေတယ်။ စခန်းက အခုထိ သိမ်းလို့မရသေးဘူး။ သူများတက်လိုက် လေယာဥ်ပျံ လာကြဲလိုက်ပဲ။ စခန်းက ဝင်းတာပန်ရွာအပြင် ကွင်းပြောင်ပြောင်မှာဆိုတော့ စစ်တပ်ကလည်း စခန်းထဲက အပြင်မထွက်ရဲဘူးဖြစ်နေတယ်၊ KNU က ဝိုင်းထားပြီး အစာရေဆာဖျက်တဲ့သဘော၊ ဖျက်ပေမယ့် လည်း မပြတ်ဘူး။ သူတို့လေယာဥ်နဲ့ ရိက္ခာလာချတယ်” ဟု အဆိုပါဒေသခံက လက်ရှိအခြေအနေကို ပြောသည်။
ထို့အတူ စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဝင်းတာပန်စခန်းအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆေးဝါးများ ပို့ဆောင်ပေးခဲ့သော်လည်း KNDO ပူးပေါင်းတပ်ဖွဲ့က ၎င်းတို့ရိက္ခာအထုတ် ၁၂ ထုတ် အနက် ၅ ထုတ်ကို ရယူနိုင်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေများကို KNU အပါအဝင် ပူးပေါင်းတပ်ဘက်က ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။
ဝင်းတာပန်စခန်းအား သိမ်းပိုက်ရရှိပါက လက်နက်ကြီးများဖြင့် ဒေသခံများ နေထိုင်ရာကျေးရွာများသို့ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီ၏ ပိန္နဲတောကျေးရွာအခြေစိုက် တပ်စခန်းကိုလည် ချည်းကပ်နိုင်မည် ဖြစ်ကြောင်း ကေအဲန်ယူနှင့်နီးစပ်သူ ဒေသခံတချို့က သုံးသပ်ပြောဆိုကြသည်။
KIC ပေးပို့သည်။