KNU – ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်း သံဃာတော်များ ဆွမ်းစားချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်အတွင်း ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိနေကြောင်း သိရှိရသည်။
မင်းစောကျေးရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီက ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းတွင်တကြိမ် နေ့လည် ၁ နာရီဝန်းကျင်တွင် တကြိမ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းတွင်သတင်းသုံးနေသည့် ကိုရင်လေး ၁ ပါးအပါအဝင် ကျောင်းဒကာမဒေသခံအမျိုးသမီး ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
သံဃာတော်များ ဆွမ်းစားရန် ဒေသခံ ဒကာဒကာမများက ဝိုင်းဝန်းပြင်ဆင် ကုသိုလ်ယူနေချိန်ဖြစ်၍ စိုးရိမ်ရသည့်ဒဏ်ရာရရှိသူအပါအဝင် ထိခိုက်သူ ၁၀ ဦးထက်မနည်း ရှိနေကြောင်းလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဘီးလင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မနက် ၁၁ နာရီက တစ်ခါကြဲပြီးတော့ နေ့လည် ၁ နာရီလောက်မှာ နောက်တခါလာကြဲတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ကြဲတာ။ သေတဲ့သူကတော့ ကိုရင်တစ်ပါး အပါ ၃ ယောက်ပဲ။ ဒဏ်ရာရထားတဲ့သူတွေ များတယ်။ ၁၀ ယောက်ထက် မနည်းဘူး။ ဒေသခံတွေကဝိုင်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းဝိုင်း ပြင်နေကြတာ၊ ဆွမ်းမစားရသေးဘူး အဲဒီအချိန်ကြဲသွားတာ။ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့ သူလည်းပါတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။
ဘုန်းကြီးကျောင်းတိုက်ခိုက်ခံရသည့်ဖြစ်စဥ်အပေါ် KNU ဘက်ကလည်း အတည်ပြုပေးထားပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် ကျောင်းရှိ ကိုရင်ကြီးနှင့်ကိုရင်လေး ၂ ပါး ပါဝင်ပြီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ပြောသည်။
KNU ထိန်းချုပ်နယ်မြေများအတွင်း အရပ်သားနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီက ယခုနောက်ပိုင်းတွင် သာသနာပိုင် အဆောက်အဦးများ၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုတို့ကိုလည်း သိသိသာသာ ပိုမိုလုပ်ဆောင်လာနေသည်။
လတ်တလော၌ စစ်ရေးအခြေအနေ ပြင်းထန်နေသည့် KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ် ကမ်းနီစံပြကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့က တိုက်ပွဲမဖြစ်ဘဲ ပေါင် ၅၀၀ ဗုံးကြဲချခဲ့မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ သံဃာတော်နှင့်ဒေသခံ ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
KIC ပေးပို့သည်။