ဘီးလင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

0
273
ပုံစာ - ရှေ့တန်းတနေရာတွင်တွေ့ရသော တော်လှန်ရေးအင်အားစုတပ်များ (Photo – CJ)

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ အလူးလေး ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များ ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဇွန်လ ၃၀ ရက် မနက် ၁၀ နာရီ ဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း-၃၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF တို့ပါဝင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အလူးလေး ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားစဉ် ပူးပေါင်းတပ်၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ပူးပေါင်းတပ်ဘက်က ပြောသည်။

“ပထမက ကျနော်တို့ မိုင်းချထားတဲ့ နေရာမှာ ပြည်သူ့ကား လာရပ်ထားတော့ မဆွဲတော့ဘူး ပြန်မယ်ဆိုပြီး လုပ်နေတုန်း ကားထွက်သွားပြီးတော့ စစ်တပ်ဘက်ကကားက လာရပ်တာပဲ။ မိုင်းနှစ်လုံး ဆွဲလိုက်တာ တစ်စီး ပျက်စီးသွားတယ်။ အရင်တုန်းကဆို သူပစ်ကိုယ်ပစ်ပဲ အခုက ကျနော်တို့ဘက်က ပစ်ခတ်မှုပြီးလို့ ပြန်ဆုတ်တော့မှ သူတို့ ပြန်ပစ်နိုင်တယ်” ဟု ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် တိုက်ပွဲဖြစ်ပွားရာ အနီးသို့ ပိုင်ရှင်မသိ ဟွန်ဒါဖစ် အနက်ရောင် ကားတစ်စီး ရောက်ရှိလာပြီး ကားလမ်းမကြီးဘေးရှိ နေအိမ်များသို့ သေနတ်ငါးချက်စီခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းသို့ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း KNLA ပူးပေါင်းတပ်များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် သထုံနှင့် ဘီးလင်းမြို့ အကြားရှိ ကျုံအိတ်တံတား (ရွှေရောင်ပြ တံတား) အား စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ ရဲဘက်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးစဉ် ပူးပေါင်းတပ်များက ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဝန်ထမ်းတစ်ဦး သေဆုံးသလို အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေး သတင်းအရင်းအမြစ်ဘက်က ထုတ်ပြန်ပြောဆိုထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here