30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို KIA ထပ်မံသိမ်းပိုက်ပြီး စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေ

ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို KIA ထပ်မံသိမ်းပိုက်ပြီး စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်လက်လွတ်လိုက်ရသည့် စစ်ကောင်စီအမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းအပါအဝင် ခလရ ၂၃၆ တပ်ရင်းတို့ကို KIA ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်နိုင်ပြီး စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး “အမတ ၃၆၆ ကို တဝက်လောက်ပြန် လက်လွတ်လိုက်ရတာ ဟုတ်တယ်။ ဒီရက်ပိုင်းမှာ ဟိုဘက်ခြမ်းဒီဘက်ခြမ်း တဝက်စီနေနေရတဲ့ အမတ ၃၆၆ ကိုလည်း အပြီးသတ် ပြန်သိမ်းပိုက်ပြီ။ နောက် စကခ ၂၁ နဲ့ ကပ်ရက်ရှိတဲ့ ခလရ ၂၃၆ တပ်ရင်းကိုလည်း မနေ့ည ၇ နာရီလောက်မှာ အကုန်အပြီးအစီးသိမ်းပိုက်ပြီ” ဟု ပြောသည်။

ဗန်းမော်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်၏ အရေးပါသော အမြောက်တပ်အမှတ် ၃၆၆ တပ်ရင်းကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄ ရက်တာအတွင်း သံချပ်ကာတပ်၊ လေယာဉ်ကွင်းတပ်ရင်းတို့နှင့်အတူ သိမ်းပိုက်ရရှိထားခဲ့သည်။

သို့သော် စစ်ကောင်စီတပ်ဘက်က ၎င်းတို့လက်လွှတ်လိုက်ရသည့် တပ်ရင်းနေရာများ ပြန်လည်ရရှိရန်အတွက် လေကြောင်းအပါအဝင် ခေတ်မှီဒရုန်တပ်များနှင့် ပြင်းပြင်ထန်ထန် တန်ပြန်တိုက်ခိုက်ခဲ့သည့်အတွက် ပြန်လည် လက်လွှတ်ခဲ့ရသည့် ၃၆၆ အမြောက်တပ်ရင်းကို ထပ်မံသိမ်းပိုက်ရရှိခြင်းလည်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ တစ်ရက်တည်းတွင် KIA ပူးပေါင်းတပ်က အမြောက်တပ် ၃၆၆ နဲ့ ခလရ ၂၃၆ တပ်ရင်း နှစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်မှုအပြီးတွင် ဗန်းမော်မြို့အတွက် အရေးပါသည့် စစ်ကောင်စီ စကခ ၂၁ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

“အခုက စကခ ၂၁ ထဲကို ပြန်တိုက်နေတယ်။ မနေ့ည ၇ နာရီ၊ ၈ နာရီဝန်းကျင်အထိ လိပ်ပြာကုန်းဆိုတဲ့နေရာမှာ လည်း ဖြစ်နေတယ်။ KIA ဘက်ကနေ စကခ ၂၁ ထဲကို လက်နက်ကြီးတွေ ပစ်ထည့်ပေးနေတယ်” ဟု အဆိုပါ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

အမတ ၃၆၆ နှင့် ခလရ ၂၃၆ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားအများအပြားမှာ စကခ ၂၁ တပ်ရင်းထဲ ရောက်ရှိနေကြကြောင်း သိရသည်။

KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အမတ ၃၆၆ က ပြီးခဲ့တဲ့တလောမှာတင် သိမ်းပိုက် ထားတာမှန်ပါတယ်။ ဒါပေမယ့် တပ်စခန်းကိုပဲသိမ်းနိုင်တာ၊ တပ်ဧရိယာအကုန်လုံးသိမ်းနိုင်တာတော့ မဟုတ်ဘူး။ ပြီးရင် ၃၆၆ တပ်နေရာမှာက မံစီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်သားတွေ အများအပြားရှိနေတဲ့ နေရာယူထားတဲ့ နေရာဖြစ်တယ်။ ခလရ ၂၃၆ တပ်ရင်းကိုလည်း သိမ်းနိုင်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် အတိအကျတော့ ကျနော်တို့ဘက်က မသိရသေးဘူး” ဟု ပြောသည်။

KIA သိမ်းပိုက်လိုက်သည့် အမြောက်တပ် ၃၆၆ ၊ ခလရ ၂၃၆ တပ်ရင်းနှစ်ခုသည် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော စကခ ၂၁ တပ်ရင်းတစ်ခုလုံးကို အဓိကလုံခြုံရေးယူထားပေးသည့် အရေးပါသော တပ်ရင်းနှစ်ခုလည်း ဖြစ်သည်။

စစ်ရေးဗျူဟာအရ အဆိုပါတပ်ရင်းနှစ်ခုစလုံးကို KIA ပူးပေါင်းတပ်က အပြီးသတ်ထိန်းချုပ်လိုက်နိုင်ပါက အခိုင်အမာ ရှိနေသည့် စကခ ၂၁ တပ်ရင်းကိုလည်း သိမ်းပိုက်ရရှိရန် လွယ်ကူသွားမည် ဖြစ်သည်ဟုလည်း စစ်ရေးသုံးသပ်သူတို့က ပြောဆိုထားသည်။

KNG ပေးပို့သည်။