ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်

0
170

ကချင်ပြည် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်နေပြီး မြို့ကိုရရှိသည်အထိ တိုက်ခိုက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

KIA နှင့် ပူးပေါင်းတပ်တို့က ဗန်းမော်မြို့ရှိ ခလရ ၄၇၊ စကခ (၂၁) တပ်များအပါအဝင် စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေကြသည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက “ဗန်းမော်ဘက်မှာ တိုက်ပွဲတွေ ဆက်ရှိတာပေါ့။ ဗန်းမော်ဘက်က အခြေအနေ မပြီးမချင်းကတော့ ဆက်ရှိမှာပေါ့နော်။ ရမှာပါ၊ ရအောင်တော့ တိုက်မှာပါ” ဟု ပြောသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညတွင်လည်း ဗန်းမော်မြို့၊ ရွှေကျီးနား ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဇန်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကရင်ကုန်း၊ ပင်စင်ကုန်းနှင့် ရွှေကျီးနားရပ်ကွက် ၀န်းကျင်တို့တွင် လက်နက်ကြီးလက်နက်ငယ်ဖြင့် ပစ်ခတ်မှုရှိနေပြီး နေအိမ်များလည်း မီးလောင်ပျက်စီးမှုများ ရှိနေသည်ဟု မြို့ခံအချို့က ပြောဆိုသည်။

ဗန်းမော်မြို့သည် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁၊ ခလရ ၄၇၊ ၁၂၁၊ ၂၃၆၊ ၂၃၇၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ တင့်ကားတပ်များအပြင် ဆက်သွယ်ရေးတပ်၊ စစ်မြေပြင် စစ်လက်နက်ပစ္စည်းတပ်၊ ထောက်ပံ့ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ဆေးတပ် စသည့် လက်ရုံးတပ်ဖွဲ့များ အခြေစိုက်ထားသောမြို့ဖြစ်သည်။

စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို လက်မလွတ်ရရေးအတွက် လေကြောင်းမှ ပစ်ကူနေသည့်အပြင် ဒရုန်းများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မြေပြင်ကနေတော့ သူတို့က ထိုးလို့တော့မရဘူး။ အကုန်လုံး သူတို့ကတော့ စခန်းမှာပဲအောင်းပြီးမှ ခုခံနေတာ။ အဓိကတော့ လက်နက်ကြီးတို့ နောက်လေကြောင်းကိုပဲ အားပြုပြီးမှ တုန့်ပြန်နေတာ” ၎င်းက ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေပြီး ထိုးစစ်အရှိန်ကို တဆင့်ပြီးတဆင့် မြှင့်တင်လျှက်ရှိသည့်အပြင် အသက်မသေလိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ခုခံတိုက်ခိုက်ခြင်းမပြုဘဲ အမြန်ဆုံး အလံဖြူထောင် လက်နက်ချကြရန် တိုက်တွန်းမှုများ ရှိနေသည်။

ဗန်းမော်မြို့တိုက်ပွဲထဲ ကလေးများအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဒီဇင်ဘာလကုန်အထိ အနည်းဆုံး အယောက် ၃၀ သေဆုံးခဲ့သည်ဟု ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ KHRW က ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော်၊ မိုးမောက်၊ ရွှေကူနှင့် မံစီမြို့နယ်တို့က ဒေသခံပြည်သူ လေးသောင်းခန့်သည် မြစ်ကြီးနားနှင့် မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေစရာနေရာနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က စတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို တပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ တစ်လကျော်အကြာတွင် မံစီမြို့ကို အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ဇန်နဝါရီလ တတိယပတ်အထိ ဆက်လက်ပြင်းထန်နေပြီး မြို့၏ နေရာအများအပြားကိုမူ KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းယူထားပြီဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here