ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားသေဆုံးမှု ၁၀ ဦးခန့်ရှိလာ

0
134
ပုံစာ - ဗန်းမော်နှင့် မံစီမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဗန်းမော်မြို့တွင်းမြင်ကွင်း။

ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီဟု ဗန်းမော်ဒေသခံများက ပြောဆိုသည်။

ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး ဗန်းမော် – မံစီ အကြားရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခု သိမ်းပိုက်ရရှိထားပြီဟု သိရသည်။

နှစ်ဖက်တပ်ကြား တိုက်ပွဲဆက်ပြင်းနေပြီး ဗန်းမော်မြို့ပြင်နေရာတချို့တွင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိနေသည်ဟု ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“လက်နက်ကြီး ကျကွဲတာတွေဗျ၊ လေယာဉ်ကြဲတာ မဟုတ်ဘူး။ ကျနော်တို့ရထားတာ ၁၀ ယောက်လောက်ရှိပြီ သေတဲ့သူက။ ခွန်သာရပ်ကွက်မှာဆို လမ်းမှာသေနေလို့ အလောင်းမကောက်ရဲတာတို့ ရှိနေတယ်လို့ သတင်းရထားပါတယ်” ဟု ၎င်းက ပြောသည်။

ဒေသခံများပြောဆိုချက်အရ ဗန်းမော် – မံစီကြားရှိ ညောင်ပင်သာစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် တဆက်တည်းမှာပင် ဗန်းမော်မြို့တွင်း ရပ်ကွက်များဖြစ်သည့် ခွန်သာရပ်ကွက်ဗလီနားနှင့် တပ်ကလေးရပ်ကွက်တို့တွင် လက်နက်ကြီးကျပေါက်ကွဲပြီး၊ ဗန်းမော်တက္ကသိုလ်သွားလမ်းရှိ ဖန်းခါးကုန်းနှင့် လက်ပံတန်းတွင်လည်း လက်နက်ကြီးကျ ပေါက်ကွဲမှုရှိကြောင်း သိရသည်။

စုံစမ်းရရှိထားသည့် အချက်လက်အရ လက်နက်ကြီးထိမှန်သေဆုံးသူဦးရေသည် ခွန်သာရပ်ကွက်တွင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးအပါအဝင် စုစုပေါင်း ၃ ဦး၊ တပ်ကလေးရပ်ကွက်တွင် အမျိုးသား ၂ ဦး၊ ဖန်ခါးကုန်းတွင် ၃ ဦး၊ လက်ပံတန်းတွင် ၂ ဦးဟု သိရပြီး လက်ရှိ၌ ဗန်းမော်မြို့တွင် ဖုန်း၊ အင်တာနက်လိုင်းအခက်ခဲ ရှိနေသည့်အတွက် မြေပြင်နှင့်ကွာဟမှု ရှိနိုင်ပါသည်။

KIA ပူးပေါင်းတပ်စစ်ဆင်ရေးသည် ဒီဇင်ဘာ ၅ ရက်တွင် ၂ ရက်မြောက်ရှိလာပြီး ဗန်းမော်မြို့ပတ်ပတ်လည်၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၃ မိုင်နှင့် ခွန်သာရပ်ကွက် အဝင်/အထွက်၊ မြို့အဝင်အထွက် အားလုံးကို ပိတ်ထားကြောင်း ဗန်းမော်ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည်ပိုင်းကစ၍ ဗန်းမော်မြို့တွင် နေရာယူတပ်စွဲပြီး ရေလမ်းနှင့် ကုန်းလမ်းပိုင်းအားလုံး ပိတ်ဆို့လိုက်တာကြောင့် ပြည်သူအများစု မြို့ထဲတွင်ပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦး ယခုလိုပြောသည်။

“မြို့ထဲမှာတော့ လူတော်တော်ရှင်းသွားတယ်။ မြို့ထဲကနေ ပြည်သူတွေကိုလည်း ထွက်ခွင့်မပေးဘူး။ ကမ်းနားဘက်ကနေ ရေလမ်းကြောင်းကို ဒီနေ့လည်ကစပြီး ပေးမသွားတော့ဘူး။ ကားလမ်းတွေရောပဲ။ သွားတဲ့လူတွေကိုလည်း သေနတ်ဖောက်ပြီး ပြန်လှည့်ခိုင်းတာတွေလုပ်တယ်” ဟု ပြောသည်။

ထိုအခြေအနေကြောင့် ဒီဇင်ဘာ ၅ ရက်နေ့တွင် မြို့တွင်းရပ်ကွက်တချို့မှ ဒေသခံပြည်သူများသည် လူမူကူညီရေး အဖွဲ့အကူညီနှင့် အလံဖြူထောင် ထွက်ပြေးတိမ်းရှောင်နေသူများလည်း ရှိနေကြောင်း သိရှိရသည်။

ဗန်းမော်မြို့ခံအမျိုးသားတစ်ဦး “မြို့ထဲမှာတော့ ဘာမှ မဖြစ်သေးဘူး။ မြို့ပတ်ပတ်လည်က သေနတ်သံတွေ ဆူညံနေတယ်။ ခုမြို့ထဲကနေ ရှောင်ဖို့ ပြင်တဲ့သူတွေလည်း ပြင်နေကြတယ်။ ခဏတဖြုတ်တော့ ညောင်ပင်သာဘက် ဖွင့်ပေးတယ်လို့တော့ ကြားနေရတယ်” ဟု ပြောဆိုသည်။

ဗန်းမော်မြို့နှင့် မံစီမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီဇင်ဘာ ၄ ရက်နေ့ တစ်ရက်ထဲအတွင်း တပ်စခန်းငယ် ၇ ခုကို သိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲ ဆက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်း ပါဝင်သည့် မိုးမောက်မြို့ကို ဩဂုတ်လတွင် KIA က သိမ်းပိုက်ထားနိုင်ပြီး နောက်ထပ် ကျန်နေသေးသည့် ဗန်းမော်မြို့အနီးဆုံးရှိ မံစီမြို့နယ်ဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေသလို ရွှေကူဘက်တွင်လည်း စစ်ရေးတင်းမာနေသည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်ဆိုပြီး ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ လူဦးရေ တစ်သန်းကျော် နေထိုင်လျက်ရှိသည်။

အဆိုပါခရိုင်ထဲကမှ ဗန်းမော်ခရိုင်သည် ဧရာဝတီမြစ် ကမ်းနံဘေးတွင်ရှိပြီး စစ်ရေးအရ ရေလမ်းကြောင်း အချက်အချာကျသည့် ခရိုင်လည်းဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here