ဗန်းမော်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု အနည်းဆုံး ၃၀ ဦး ရှိလာ

0
120
Photo - သုညသုခပရဟိတလူငယ်အသင်း (ဗန်းမော်)

ကချင်ပြည်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့တိုက်ပွဲအတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဒီဇင်ဘာလကုန်အထိ အနည်းဆုံး ၃၀ ဦး သေဆုံးခဲ့သည်ဟု မြေပြင်ရှိ အကူအညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။

ကချင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ၏ ကောက်ခံရရှိချက်အရ ဗန်းမော်တိုက်ပွဲ ဒီဇင်ဘာလ တစ်လအတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့သည်ဟု KHRW အဖွဲ့ ပြောဆိုခွင့်ရှိသူ ကိုဂျက်ကော့ပ်က ပြောသည်။

“ဗန်းမော်တိုက်ပွဲ အခြေအနေကတော့ ကျနော်တို့ရရှိထားသလောက်ကတော့ ဒီဇင်ဘာလကုန်ခါနီး အယောက် ၃၀ ပတ်ဝန်းကျင်လောက် ရရှိထားပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဘယ်လောက်သေဆုံးတယ် ဘယ်လောက်ဖြစ်နေတယ်ဆိုတာကတော့ တိကျသိဖို့ ခက်ပါတယ်။ မြေပြင်အခြေအနေရ သေဆုံးမှုထဲမှာ ကလေးအပါအဝင် ပေါ့နော်။ ကလေးသေဆုံးမှုက နှစ်ယောက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် KHRW ၏ ကောက်ခံရရှိချက်မှာ မြေပြင်ကစာရင်းနှင့် ကွာခြားနိုင်သည်ဟု ကိုဂျက်ကော့ပ်က ဆက်ပြော ဆိုသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့်လည်း ထိခိုက်သေဆုံးသူစာရင်း အတိအကျကောက်ရန် အခက်အခဲရှိနေကြောင်း KHRW ထံမှ သိရသည်။

ဗန်းမော်မြို့ကို ဇန်နဝါရီလ ၄ ရက်နေ့ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းနား ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအနီးတွင်နေထိုင်သူ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သည်။

အလားတူ ဆင်ကုန်းရပ်ကွက်နှင့် သုခဝတီကျောင်းတိုက်ထဲသို့လည်း လေယာဉ်မှပစ်ခတ်လိုက်သည့် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ၁၂ တန်း ကျောင်းသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ပြည်သူ ၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

အရပ်သားပြည်သူများ သေဆုံးရခြင်းမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု KHRW က ဆိုသည်။

ကိုဂျက်ကော့ပ်က “ဗန်းမော်မြို့မှာ ပြည်သူသေဆုံးခဲ့ရတာက စကစဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြစ်ပါတယ်။ ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရပြီးမှ ဆေးရုံကိုပို့ဆောင်နေတဲ့ ဒီလိုအခြေအနေလည်း ရရှိထားပါတယ်။ ထိခိုက်တာကတော့ ခန့်မှန်းခြေက အယောက် ၂၀ လောက်ရှိမှာပါ။ ဒီဗန်းမော်တိုက်ပွဲကတော့ အရမ်းကို အခြေအနေဆိုးတဲ့ အခြေအနေဖြစ်ပါတယ် တိုက်ပွဲတွေထဲကပေါ့နော်” ဟု ပြောသည်။

ဗန်းမော်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာရှိ ဆေးရုံကိုလည်းပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြရသည်။

ဗန်းမော်မြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက “အသိမိတ်ဆွေထဲမှာ ထိထားတာဆိုရင် သုံးလေးယောက် ရှိတယ်။ လိုင်ဇာ ဆေးရုံမှာတက်နေတာ။ ဒီထက်လည်း များနိုင်တယ်။ ဒါတောင်မှ ကိုယ်ရပ်ကွက်ထဲကလူတွေပဲ သိကြတယ်။ အိမ်လည်းတွေ တော်တော်မီးလောင်သွားတယ်” ဟု ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော်၊ မိုးမောက်၊ ရွှေကူနှင့် မံစီမြို့နယ်တို့က ဒေသခံပြည်သူ လေးသောင်းခန့်သည် မြစ်ကြီးနားနှင့် မန္တလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေစရာနေရာ၊ အစားအသောက်၊ ဆေးဝါး၊ မိုးကာနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေသည်ဟု အကူအညီပေး နေသူများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို တပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ တစ်လကျော်အကြာတွင် မံစီမြို့ကို အပြီး တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖြစ်သည်။

ဗန်းမော်မြို့သိမ်း တိုက်ပွဲမှာလည်း ဇန်နဝါရီလ ၉ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေပြီး မြို့၏နေရာအများကို တော်လှန်ရေးပူးပေါင်းတပ်များက နေရာယူထားပြီးဟု ဒေသခံများက ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲ အရပ်သားသေဆုံးသူ ၁၄၂ ဦး ရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ၁၆၇ ဦးရှိခဲ့ကြောင်း Kachin Human Rights Watch – KHRW အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here