ဗန်းမောက်မြို့ လေးသီကျေးရွာအုပ်စုဥက္ကဌ တော်လှန်ရေးအင်အားစုများ ဖမ်းဆီး

0
373
ပုံစာ- ဗန်းမောက်မြို့မြင်ကွင်း (Photo – ShanNi Voice)

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု ဥက္ကဌကို ဗန်းမောက်မြောက်ပိုင်းမှာ လှုပ်ရှားနေသည့် တော်လှန်းရေးအင်အားစုများက ဇွန်လ ၂၄ ရက်က နေအိမ်အတွင်း လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လေးသီအုပ်စုဥက္ကဌ ဦးထွန်းဝယ် (ခေါ်) အိုက်စိုးကို ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူ ၁၅ ဦးက ဇွန်လ ၂၄ ရက် မနက် ၅ နာရီခွဲကျော်တွင် နောင်မဲ့လုံကျေးရွာရှိ ၎င်း၏နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားသည်ဟု ယင်းဖြစ်စဉ်ကိုသိရှိသူ နောင်မဲလုံကျေးရွာခံတစ်ဦးက ပြောသည်။

“မနက် ၅ နာရီ ကျော်ကျော် ၅ နာရီနှင့် ၆ နာရီကြား ဖမ်းသွားတာ။ သူတို့လာတာက ခြေလျင်လာတာ။ လေးသီဟိုးဘက်ကနေ ဖြတ်ခဲ့တာ ခြေကျင် ၁၅ ယောက်၊ အေး နောက်မှ ဒီမှာ ဖမ်းပြီးတော့မှ သူတို့က ဒီမြို့ထဲကနေ ဖိုးဝီးနဲ့ ဒါတိုက် ပန်းတောဘက်ကို ခေါ်သွားတာ အဲ့လို” လို့ အဆိုပါ ကျေးရွာခံက ပြောဆိုသည်။

လေးသီအုပ်စုဥက္ကဌ ဦးအိုက်စိုး အဖမ်းခံရမှုသည် လေးသီအုပ်စုအတွင်း စစ်ကောင်စီ၏ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် ကြိုးစားသည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဆိုသည့် ပြောဆိုမှုများလည်းရှိနေကြောင်း နောင်မဲလုံကျေးရွာခံများက ပြောသည်။

နောင်မဲလုံ ကျေးရွာသားတစ်ဦးက “ဖမ်းရတဲ့အကြောင်းအရင်းက သူက ကျောင်းဖွင့်တဲ့အရေး ကြိုးစားနေလို့ပါ့။ သူ့ရွာကျောင်းဖွင့်ဖို့ သူ့အုပ်စုကျောင်းဖွင့်ဖို့ ကြိုးစားနေတယ် ဒါပဲသိတာကို၊ အဲ့ဒီရွာက ပီဒီအက်ဖ့်ထဲဝင်ထားတာ လေးငါးခြောက်ယောက် ခုနှစ်ယောက်ရှိတာကိုး၊ အဲ့ကောင်တွေက လာဖမ်းတာနေမှာပါ့” လို့ ပြောဆိုသည်။

လာရောက်ဖမ်းဆီးသွားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဦးအိုက်စိုးကို ဖမ်းဆီးရသည့်အကြောင်းအရင်းအား ပြောဆိုခြင်းမရှိသေးသလို ၎င်းတို့နှင့် ဆက်သွယ်မေးမြန်းရန်လည်း ဗန်းမောက်မြို့နယ် မြောက်ပိုင်းဒေသတွင် ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ရေးတင်းမာမှုများကြောင့် ဗန်းမောက်မြို့နယ်တစ်ခုလုံးတွင် စာသင်ကျောင်းများ ပိတ်ထားရပြီး စစ်ကောင်စီလက်အောက် ပညာရေးဌာနက ဗန်းမောက်မြို့ပေါ်ရှိကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဇွန်လ ၁၉ ရက်က ကျောင်းအပ်လက်ခံမှု စတင်ပြုလုပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here