စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာနှင့် ၄ ကီလိုမီတာခန့်ဝေးသောနေရာရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၃ ရက်နေ့တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့က မနက်ပိုင်းလောက် ပါထွန်ရွာ ကြောင်လည်ရွာကြားနားမှာ ဖြစ်တာ။ လက်နက်ကြီးအသံတွေ ကြားရတယ်Ó ဟု ကြောင်လည်ဒေသစိတ်အတွင်းရှိ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
သြဂုတ်လ ၂၃ ရက် တိုက်ပွဲဖြစ်စဉ်တွင် PDF အလောင်းနှစ်လောင်းနှင့် AK 47 တစ်လက်နှင့် ကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့် ၊ ပစ်ကျင်း ၇ ကျင်း နှင့် တဲ ၅ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကောင်စီ၏တယ်လီဂရမ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ကြောင်လည်ကျေးရွာသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ PDF အဖွဲ့ အခြေစိုက် ကျေးရွာအဖြစ်ခဲ့ပြီး ယင်းနှစ် နှစ်ကုန်ပိုင်းမှ စ၍ စစ်ကောင်စီတပ်များက ပြန်လည်နေရာယူထားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
၂၀၂၃ ခုနှစ် ယခုနှစ်အတွင်း ကြောင်လည်ကျေးရွာအနီးတွင် မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သော ဇူလိုင်လ အတွင်းက တစ်ပတ်နီးပါးမျှ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်ဟု ဆိုသည်။
အင်းတော် – ဗန်းမောက် – ကြောင်လည် လမ်းပိုင်းကိုလည်း ပြီးခဲ့သည့် ဇူလိုင်လကုန်အထိ PDF များက ထိန်းချုပ် ပိတ်ဆို့ထားကြောင်း ဒေသခံများထံက သိရသည်။
ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်ရင်း လေးရင်း တစ်ဗျူဟာ အခြေပြု လှုပ်ရှားနေပြီး ကြောင်လည် ကျေးရွာအနီးတွင် တပ်ရင်း နှစ်ရင်းခန့် ယာယီအခြေပြုထားကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
ကြောင်လည်ကျေးရွာ၏ အနောက်ဘက် ဒေသများတွင်လည်း ၂၀၂၃ ခုနှစ် အစောပိုင်းက စ၍ စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
ယခုအခါ အဆိုပါဒေသများအား ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်ထားနိုင်ပြီး စာသင်ကျောင်း များလည်း ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။
ဗန်းမောက်မြို့၏ တောင်ပိုင်းဒေသများနှင့် ကနန်းဒေသစိတ် ၊ မန်ယူးကြီး ဒေသစိတ်များကို ပြည်သူ့ကာကွယ်ရေး တပ်များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။