ဗန်းမောက်မြို့ပေါ်တွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်နေ 

0
229
ပုံစာ - ဗန်းမောက်မြို့ကိုတွေ့ရပုံ။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း စစ်ကောင်စီက နေ့ခင်းပိုင်းတွင်ပါ ဧည့်စာရင်းစစ်ဆေးမှုများနှင့် လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။ 

ဒီဇင်ဘာလ ၂၈ ရက်နေ့ မှ စတင်ပြီး ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“ဒီနေ့ကတော့ အကုန်လုံး တစ်မြို့လုံးစိမ်းသွားတာပါ့။ စစ်သားတွေ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်တာပေါ့ဟယ်။ စစ်တယ်ဆိုတာ ဟိုလိုကြီးစစ်တာလဲ မဟုတ်ပါဘူး။ အိမ်အနေအထားတွေ မြေအနေအထားတွေ နေရာ အနေအထားတွေ ကြည့်တာပါ့အေ” ဟု  ဗန်းမောက်မြို့ခံတစ်ဦးက ဆိုသည်။
ထိုသို့စစ်ဆေးရာတွင်လည်း အိမ်တိုင်းစေ့ စစ်ဆေးသွားခြင်းမဟုတ်ဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည်ဟု သံသယရှိသည့် နေအိမ်များကိုသာ အဓိက စစ်ဆေးသွားခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
“သတင်းရတဲ့အိမ်လို့လည်း မဟုတ်ဘူး၊ သူတို့စစ်ချင်တဲ့အိမ်တွေပေါ့ဟယ်၊ အဲ့လိုမျိုး သူတို့ရဲ့နယ်မြေအနေအထား ဘယ်လိုလဲဘာညာ အဲ့လိုကြည့်တဲ့သဘောမျိုးနေမှာပါ” ဟု အထက်ပါမြို့ခံက ဆက်ပြောသည်။
ဗန်းမောက်မြို့ပေါ် ရပ်ကွက်များကို စစ်ဆေးခြင်းသည် ဧည့်စာရင်းနှင့် လုံခြုံရေးအရ ထိခိုက်စေမည့် လက်နက်ခဲယမ်းများကို ရှာဖွေခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။
တော်လှန်ရေးအင်အားစုများက ဗန်းမောက်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွဲမည့်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ငြိမ်သက်နေဆဲဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here