26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဗန်းမောက်မြို့နယ်အနောက်ဘက်တွင် တစ်လအတွင်း ငှက်ဖျားပိုးကူးစက်သူ ၃၀ ကျော်ရှိလာ

ဗန်းမောက်မြို့နယ်အနောက်ဘက်တွင် တစ်လအတွင်း ငှက်ဖျားပိုးကူးစက်သူ ၃၀ ကျော်ရှိလာ

စစ်ကိုင်းတိုင်းအနောက်ဘက်ဒေသတွင် တစ်လအတွင်း ငှက်ဖျားပိုးကူးစက်သူ ၃၀ ကျော်ရှိလာပြီဖြစ်သည်ဟု မံစီကြီးဒေသစိတ်ရှိ ဆေးရုံတာဝန်ရှိသူတို့ထံက စုံစမ်းသိရှိရသည်။

ဗန်းမောက်မြို့နယ်အနောက်ဘက်ဒေသ မံစီဒေသစိတ်အတွင်းရှိ နမ့်အော့ကျေးရွာတွင် ကူးစက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး အနီးကျေးရွာများဖြစ်သည့် နမ့်ခင့်၊ နမ့်မားကျေးရွာတို့တွင်လည်း ဖြစ်ပွားမှုရှိနေသည်ဟု ဆိုသည်။

“ ငှက်ဖျားပိုးက မိုးတကြိမ်ကျပြီး မိုးအစကတည်းက တစ်လအတောအတွင်းမှာ လူပေါင်း ၃၀ လောက်ရှိပါပြီ၊ ပိုးတွေ့ရှိထားတဲ့ လူတွေပေါ့လေ။ ကုသပေးနေတာကတော့ ကျွန်တော်တို့ ဒီကကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ” ဟု မံစီကြီးဒေသစိတ်ရှိ SNA ကျန်းမာရေးဌာနမှူး ဆရာကျော်က ပြောဆိုသည်။

ငှက်ဖျားပိုးသည် ပြင်းထန်သည့်ပိုးမဟုတ်ဘဲ PV ဟု ခေါ်တဲ့ (Plasmodiam vivax) ငှက်ဖျားရောဂါအပျော့စား ဖြစ်ပြီး ကလေးငယ်ကစပြီး အသက်ရွယ်ကြီးသူတို့အထိ ဖြစ်ပွားမှု ရှိနေသည်ဟုဆိုသည်။

လက်ရှိတွင် ဗန်းမောက်နယ်ထဲ ငှက်ဖျားရောဂါကာကွယ်ဆေး ဝယ်ရခက်ခဲနေပြီး ရောဂါဖြစ်ပွားသူကိုသာ ကုသပေးနေကြောင်း သိရသည်။

“ကျန်းမာရေးအသိပညာပေးတွေ လုပ်ဖို့ရှိတယ်။ ပြီးတော့ ငှက်ဖျားကာကွယ်ဖို့ ဆေးကုသဖို့အချက်လေးတွေ ဆွေးနွေးတင်ပြလုပ်ဖို့ အစီစဉ်တွေရှိပါတယ်။ လက်ရှိတော့ မလုပ်ရသေးဘူး။ ရောဂါဖြစ်နေတဲ့သူတွေကိုပဲ ကုသပေးနေတာပါ” ဟု SNA ကျန်းမာရေးဌာနမှူးက ဆက်ပြောသည်။

ဗန်းမောက်မြို့တွင် ငှက်ဖျားရောဂါအမျိုးအစား၌ လူကိုသေစေနိုင်သည့် ပလစ်တီမိုဒီယမ်ဗိုင်းရက်စ်ကို အတွေ့များနေပြီး ရောဂါကုသနိုင်ရန်အတွက် ဆေးဝါးမရှိကြောင်း ကျန်းမာရေးဆရာဝန်များက ပြီးခဲ့သည့်နှစ်အတွင်းက ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံအထက်ပိုင်း ဗန်းမောက်မြို့နယ်သည် ငှက်ဖျားကူးစက်မှု အမြင့်ဆုံးစာရင်းထဲ၌ပါဝင်နေပြီး ၂၀၁၅ ခုနှစ်ကစတင်ပြီး စစ်ဆေးခဲ့ရာတွင် ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားပိုးတွေ့ရှိသူ ၃၀၀၀ ကျော်၊၂၀၁၇ ခုနှစ်တွင် ၂၀၀၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ၁၇၀၀ ကျော်၊ ၂၀၁၉ ခုနှစ်တွင် ၈၀၀ ကျော်၊ ၂၀၂၀ ခုနှစ်တွင် ၆၀၀ ကျော်နှင့် ၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့အထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရာ ၃၀၀ ကျော်ရှိသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့၏ စာရင်းအရ သိရသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်တို့တွင် ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲအခြေအနေများကြောင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က စာရင်းပြုစုနိုင်ခြင်းမရှိဘဲ ယခုနှစ်တွင် စတင်ပြန်လည်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။