26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဗန်းမောက်မြို့တောင်ပိုင်းရှိ ကျေးရွာများကို တစ်ရွာလျှင်တပ်သား ၁၀ ဦးထိပေးရန် ဗန်းမောက် ပကဖ တောင်းဆို

ဗန်းမောက်မြို့တောင်ပိုင်းရှိ ကျေးရွာများကို တစ်ရွာလျှင်တပ်သား ၁၀ ဦးထိပေးရန် ဗန်းမောက် ပကဖ တောင်းဆို

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသရှိ ကျေးရွာ ၆ ရွာကို တစ်ရွာလျှင် တပ်သား ၁၀ ဦးပေးရန် ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဗန်းမောက် ပကဖ) က ဇွန်လဆန်းပိုင်းတွင် အစည်းအဝေးတရပ်ခေါ်ယူ၍ တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဗန်းမောက်တောင်ပိုင်းဒေသရှိ ကျေးရွာများဖြစ်သည့် နားလိမ်ကားကျေးရွာ၊ မံကင်းကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ဆယ်ကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ပင့်စင်တဲကျေးရွာတို့ကို တစ်ရွာလျှင် တပ်သား ၁၀ ဦးပေးရန် ဗန်းမောက်ပကဖ တောင်းဆိုခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် ဗန်းမောက်တောင်ပိုင်းဒေသခံတစ်ဦးက “အစည်းအဝေးလုပ်ပြီးတော့ သူတို့တောင်းတာ တစ်ရွာကို ၁၀ ယောက်အထိပေးရမယ်။ ရွာသားတွေကတော့ အဲ့ဒါကများလို့ မပေးနိုင်ဘူးလို့ ပြန်ပြောတဲ့ဟာကို ပကဖခေါင်းဆောင် လင်းနိုင်က တစ်အိမ်တက်ဆင်းလိုက်ဆွဲမယ်ဆိုပြီး အစည်းအဝေးမှာပြောတာ” ဟု ဆိုသည်။

ယခင်က တပ်သားသစ်ကောက်ယူမှုများ ရှိခဲ့သော်လည်း ယခုလို ၁၀ ဦးအထိ ဦးရေမများဘဲ ညှိနှိုင်းမှုပြုလုပ်လို့ရခဲ့သည့် အခြေအနေဖြစ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ယခုတကြိမ်တွင် ညှိနှိုင်းလို့မရဘဲ ဇွန်လကုန်တွင် တပ်သားသစ်များကို မပေးနိုင်လျှင် ညအချိန် တစ်အိမ်တက်ဆင်း ဖမ်းဆီးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ခဲ့သူတစ်ဦး၏ ပြောဆိုမှုအရ သိရသည်။

ဗန်းမောက်တောင်ပိုင်းဒေသကို NUG ထိန်းချုပ်စိုးမိုးထားတာ နှစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး တိုက်ပွဲလည်း မရှိတော့သည့် အနေအထားတရပ်ကိုလည်း ရောက်ရှိနေပြီဖြစ်သည်ဟု ၎င်းက ပြောပြသည်။

ယခုလို ရုတ်တရက်တပ်သားသစ်တောင်းဆိုမှုသည် ဗန်းမောက်မြောက်ပိုင်းဒေသတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်လည်း ဆက်စပ်နိုင်ပြီး လူအင်အားလိုအပ်ချက်ကြောင့်ဟု ဒေသခံတချို့က ရှုမြင်နေကြသည်။

ယင်းအပြင် ဗန်းမောက်မြို့ပေါ်တွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသလို မြို့နှင့် ၂ မိုင်အကွာဝန်းကျင်တွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

ဗန်းမောက်မြို့နယ် အရှေ့ဘက်ရှိ အင်းတော်မြို့နယ်နှင့် တောင်ပိုင်းဒေသရှိ ပင်လည်ဘူးမြို့နယ်တို့ကို NUG နှင့် KIA၊ PDF ပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။