ဖြူးတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် စစ်ဘေးတိမ်းရှောင်လာသူ နှစ်ရာကျော်ရှိလာ

0
238
ပုံစာ - ဖြူးမြို့ဘက်မှ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ မုန်းမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများ (Photo- CJ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကညင်ဒိုင်းကျေးရွာနှင့် ငှက်ပျောတောကျေးရွာတွင် ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ကျေးရွာသားများသည် အရှေ့ဘက်ကမ်းရှိ မုန်းမြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်လာသူ နှစ်ရာကျော် ရှိလာပြီ ဖြစ်ကြောင်း မုန်းမြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် ဒေသအတွင်း ထိတွေ့ပစ်ခတ်မှုနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ညောင်ပင်သာမှ သုံးခွဘက်သို့ စစ်ကြောင်းဆင်းလာပြီး လက်နက်ကြီးများဖြင့် တမင်ရည်ရွယ်ပြီး ကျေးရွာများဘက်သို့ ပစ်ခတ်ခြင်း ဖြစ်သလို၊ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေအား လက်ရှိအချိန်ထိ မသိရှိရသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

“လက်နက်ကြီးပစ်တဲ့အသံကို သုံးခွဘက်ကနေ ကြားရတာပါ။ ကျတာတော့ ကညင်ဒိုင်းနဲ့ ငှက်ပျောတော အနီးပတ်ဝန်းကျင်မှာ ကျတယ်။ မနက်က ဖြစ်ဖြစ်ချင်း သူပြေးကိုယ်ပြေး ပြေးရတော့ ရွာမှာထိခိုက်မှု ဘယ်လောက်ထိ ရှိသလဲဆိုတာ သတိမထားမိဘူး” ဟု စစ်ရှောင်ပြေးလာသည့် ဒေသခံတစ်ဦးက ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးရလာသူများတွင် အမျိုးသမီးနှင့် ကလေးသူငယ်က အများစု ဖြစ်ပြီး သက်ကြီးရွယ်အို အမျိုးသားများလည်း ပါဝင်သည်ဟု ကရင်အရပ်ဘက်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပုံစာ – ဖြူးမြို့ဘက်မှ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ မုန်းမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများ (Photo- CJ)

“သန်သန်မာမာအမျိုးသားတွေကျတော့ ပစ္စည်းစောင့်ဘာညာအတွက် ကျန်နေခဲ့ကြတယ်။ လောလောဆယ် ကျနော်တို့ အဖွဲ့ကပဲ စစ်ရှောင်တွေ ကမ်းကူးလာတယ်ဆိုတာ ကြားကြားချင်း သွားကြည့်ပြီး နေရာထိုင်ခင်းလေး စီစဉ်ထားပေးထားတယ်။ နာမကျန်းဖြစ်တဲ့သူတွေ ပါမပါ ပြောမလာကြသေးဘူး။ လက်ရှိ စာရင်းလိုက်ကောက် ထားတာတော့ နှစ်ရာကျော် ဆိုပေမယ့် ဒီထက် ပိုများနိုင်သေးတယ်” ဟု အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဖြူးမြို့နယ်နှင့် မုန်းမြို့နယ် အတွင်းရှိ စစ်တောင်းမြစ် တလျှောက်မှ ကျေးရွာများသို့ စစ်ကောင်စီက ကားများဖြင့် လက်နက်ကြီးများ တင်ဆောင်ကာ လိုက်လံပစ်ခတ်ခဲ့သောကြောင့် ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ထို့အတူ မုန်းမြို့နယ် အပါအဝင် ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲ ပဋိပက္ခများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုများ၊ လေကြောင်းသုံး တိုက်ခိုက်မှုများကြောင့် ဒေသခံ အများအပြား နေရပ်ရွေ့ပြောင်း စစ်ဘေးရှောင်နေရဆဲဖြစ်သလို ယခုနှစ်ဝက်ကာလ အထိ ညောင်လေးပင်ခရိုင် တစ်ခုတည်းတွင် စစ်ဘေးတိမ်းရှောင်ရသူ ၁ သိန်းခွဲကျော် အထိ ရှိလာကြောင်း ကရင်အရပ်ဘက်အဖွဲ့စည်းများ၏ စာရင်းပြုစုချက်များအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here