ဖောင်းပြင်မှ ဟုမ္မလင်းသို့သွားရောက်မည့် ကုန်တင်ကားများအား PDF က ကန့်သတ်မှုပြုနေ

0
270

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှ ဟုမ္မလင်းမြို့ဘက်သို့ သွားရောက်မည့် ကုန်တင်ကားများအား ပြည်သူ့ကာကွယ်ရေးတပ် PDF များက ကန့်သတ်မှု ပြုလုပ်လျှက်ရှိနေပြီး ကုန်စည်စီးဆင်းမှု ဖြတ်တောက်မှုများ ပြန်လည်ပြုလုပ်နေတယ်လို့ ဒေသခံများပြောဆိုမှုအရ သိရသည်။

ဖောင်းပြင်မြို့နယ်၊ ခမိုင်းကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်က ဟုမ္မလင်းဘက်သို့ သွားရောက်မည့် ကုန်တင်ကားများအား ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ဖောင်းပြင်ဒေသခံတစ်ဦးက အခုလိုပြောသည်။

“ခမိုင်းဘက်က ပိတ်ထားတာလေ။ ဒီခမိုင်းကြားနဲ့ ဟာပါကြားမှာ အဲ့ဒီလမ်းကိုလာလို့ဆိုပြီး ပိတ်ထားလိုက်တာ၊ ဟိုဘက်လဲ ဆက်သွားမရ ဒီဘက်လဲလာမရနဲ့ အဲ့သလို ကားတွေသောင်တင်နေကြတာတဲ့” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ ကုန်စည်သယ်ဆောင် ကန့်သတ်ချက်ကြောင့် ဟုမ္မလင်းမြို့နယ် အတွင်း ကုန်ပစ္စည်းဈေးနှုန်း ကြီးမြင့်မှု ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ယူဆလျက်ရှိသည်။

အလားတူ ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဟုမ္မလင်းမြို့နယ်အတွင်း NUG ထိန်းချုပ်မှု ဧရိယာ ပြင်ပသို့ စက်သုံးဆီ ရောင်းချသယ်ဆောင်မှုကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ မပြုလုပ်ရန် ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဟုမ္မလင်းမြို့၏ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ချင်းတွင်းမြစ်ကြောင်းလမ်းနှင့် ဖောင်းပြင် – ဟုမ္မလင်း ကားလမ်းကိုသာ အဓိက အသုံးပြုနေရခြင်းလည်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here