ဖားအံနှင့် သထုံမြို့အစပ် ဒုံသမိချောင်းတံတား စစ်ဆေးရေးဂိတ်စခန်းနှစ်ခု တပြိုင်တည်းတိုက်ခိုက်ခံရ

0
337

ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဖားအံမြို့နှင့် သထုံမြို့အစပ်၊ ဒူးရင်းဆိပ်ကျေးရွာ ဒုံသမိချောင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းနှစ်ခုအား ယမန်နေ့ ဇွန်လ (၁) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဘက်နှင့်ရဲဘက်ဆိုင်ရာ အရာရှိများအပါအဝင် စုစုပေါင်း (၃၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်မှ သိရသည်။

အဆိုပါနေ့မနက်ပိုင်းက ဒုံသမိချောင်းတံတားထိပ် (သထုံဘက်ခြမ်း) ရှိ စစ်ဆေးရေးဂိတ်သို့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မ (၂၂) မှ ဗိုလ်ကြီးမိုးမင်း၊ ဒု-ရဲမှူး သီဟဇော်၊ တပ်ကြပ် စိုးညွှန့်ဝင်း၊ တပ်ကြပ် ကျော်ရဲအောင်၊ တပ်ကြပ် ချစ်ဦးသူ၊ တပ်ကြပ် အောင်ရဲနိုင်နှင့် တပ်ကြပ် ခွန်ဥက္ကာစိုးတို့ (၇) ဦး သေဆုံးခဲ့သလို ဖားအံဘက်ခြမ်းရှိစစ်ဆေးရေးဂိတ်သို့ ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီဘက်မှသေဆုံးသူ (၂၅) ဦးရှိပြီး ဂိတ်စခန်းနှစ်ခု စုစုပေါင်း (၃၂) ဦးသေဆုံးခဲ့သည်။

ထို့အပြင် G3 နှစ်လက်၊ MA တစ်လက်၊ AKP စက်ကလေး တစ်လက်၊ ၉ မမ အူစီကာ တစ်လက်နှင့်အတူ ကျည်တောင့် ၅၂၀ တောင့်အပြင် ဖုန်းနှစ်လုံးလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၂) ဦးကျဆုံး၍ (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်မှ အတည်ပြုပြောကြားသည်။

“စစ်ဆေးရေးဂိတ်စခန်းနှစ်ခုလုံးကို KNLA ပူးပေါင်းတပ်ဖွဲ့က တပြိုင်တည်းဝင်တိုက်တာပါ။ ဖားအံဘက်ခြမ်းကဂိတ်ကိုဝင်တိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၇) ယောက်မှာ တစ်ယောက်က ပေါင်ကျိုးသွားတယ်။ တစ်ယောက်လွတ်တယ်၊ ကျန်တဲ့ (၂၅) ယောက်လုံး သေပါတယ်။ ကျနော်တို့ရဲဘော် နှစ်ယောက်လည်း ကျသွားတယ်။ တစ်ယောက်က ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။” ဟု ၎င်းက ယနေ့ ကေအိုင်စီသို့ပြောသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားစဥ် သထုံခရိုင်အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများပစ်ကူပေးခဲ့ရာ ဒူးရင်းဆိပ်ကျေးရွာနှင့်အနီးအနားရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒူးရင်းဆိပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးမှုလည်းရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် ခရီးသွားပြည်သူ (၃) ဦး ကျည်ထိမှန်သေဆုံးခဲ့သလို လက်နက်ကြီးကျရောက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာဆေးပေးခန်း ပျက်စီးခဲ့ကြောင်းလည်း ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

အလားတူ မေလ (၃၁) ရက်နေ့ကလည်း ကျိုက်ထိုမြို့နှင့်ဘီးလင်းမြို့အစပ်ရှိ စစ်ကောင်စီ၏ သံတံတားစစ်ဆေးရေးဂိတ်စခန်းသို့ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here