ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်း၂ ရင်းသာ ကျန်ရှိတော့ဟုဆို

0
248

ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့တွင် စစ်ကောင်စီတပ် အခြေစိုက်တပ်စခန်းနှစ်ခုဖြစ်သည့် ခလရ ၁၃၅ နှင့် ၁၃၄ တပ်ရင်းနှစ်ရင်းသာ ကျန်ရှိတော့ပြီး တပ်ရင်းတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏အခြေစိုက်တပ်စခန်း၌ ခံစစ်အနေနှင့်သာ ရှိနေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။

“မြို့ရဲ့ နေရာတော်တော်များများကို ကျနော်တို့တွေ သိမ်းလိုက်နိုင်ပြီပေါ့နော။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းလိုက်နိုင်ပြီ။ စစ်ကောင်စီကတော့ သူတို့အခြေစိုက်တပ်ရင်းထဲမှာပဲ ရှိနေတဲ့အနေအထားမျိုး ဖြစ်တယ်။ သူတို့အခြေစိုက်တပ်ရင်းမှာပဲ ခံစစ်အနေနဲ့ ပြုလုပ်နိုင်တဲ့အနေအထားမျိုးပဲ ရှိတော့ပါတယ်” ဟု KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကစ၍ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖားဆောင်းမြို့တွင်းရှိ စစ်ကောင်စီကင်းစခန်းဖြစ်သည့် သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ် (၂) ခု၊ ဗျူဟာအရ အရေးပါသည့် စေတီကုန်း ၊ ရဲစခန်း၊ မြို့နယ်ခန်းမတို့ကို သိမ်းနိုင်ခဲ့ကြောင်း အဆိုပါပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ယင်းအပြင် ဌာနဆိုင်ရာရုံးတချို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များလည်း အခြေစိုက်တပ်ရင်းများဆီ ပြန်ဆုတ်ခွာသွားသည်ဟု ၎င်းက ဆက်ပြောဆိုသည်။

ယခုမတ်လ တတိယပတ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်မှု မရှိသေးပေမယ့် အပြန်အလှန် ချောင်းမြောင်း ပစ်ခတ်တာရှိပြီး မတ်လ ၂၀ ရက်နေ့တွင်လည်း ဖားဆောင်းကို စစ်ကူလာသည့် စစ်ကောင်စီ တပ်မ (၆၆) စစ်ကြောင်းကို ပါပုရွာသင်္ချိုင်းကုန်း၌ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီပြည် တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်ဘက်မှ နည်းဗျူဟာမှူးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ဖားဆောင်းမြို့အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကို အဓိကထား လုပ်ဆောင်နေကြောင်း ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

“သူတို့ (စစ်ကောင်စီ) ကျနော်တို့ကို နိုင်တာက ဗုံး ၊ လေယာဉ် လာကြဲတာတခုပဲ။ မဟုတ်ရင် ရတာကြာပြီပေါ့။ ဗုံးလာကြဲတော့ မထိခိုက်အောင် ရှောင်ပြီးနေရတာပေါ့။ သူတို့ကတော့ လေယာဉ်နဲ့ပဲ အနိုင်ယူတာလေ။ ဒါပေမယ့် သိပ်မကြာဘူး ရမယ်လို့သုံးသပ်ပါတယ်။ သူတို့ကစခန်းထဲမှာလောက်ပဲ ကျန်တယ်။ ကျန်တယ်ဆိုတာက သူတို့ များသောအားဖြင့် ဒဏ်ရာရတဲ့လူက များတယ်” စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေပြီး KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ၏ ပြောဆိုမှုအရ စစ်ကောင်စီဘက်က အနည်းဆုံး ၃၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံနေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများလည်း စစ်ဘေးတိမ်းရှောင် ပြေးနေရသည်ဟု KDNF တာဝန်ရှိသူက ပြောသည်။

ဖားဆောင်းမြို့ထဲ ပိတ်မိနေသည့် ဒေသခံပြည်သူများကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတာရှိသည်ဟုလည်း KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here