မေလ ၁၀ ရက်နေ့ ည ၄ နာရီအချိန်တွင် ငှက်ပျောတောရပ်ကွက်ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဥရုချောင်းတံတားထိပ်၌ ပိတ်ဆို့ဖမ်းဆီးခဲ့သည်ဟု ဖားကန့် ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖားကန့် PDF နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
“ကြည့်ရတာတစ်ယောက်ယောက်က ချွန်လိုက်တာနေမှာ စစ်သားတွေက တံတားထိပ်မှာ ကြိုတင်စောင့်နေတာ ပိတ်စို့ပြီးဖမ်းခံရတာ။ လေးယောက်လုံးလူငယ်တွေပဲ အတူတူလာတဲ့ချိန် ဖမ်းခံလိုက်ရတာ” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်လေးဦးကို စစ်တပ်က ဗျူဟာကုန်းဘက် ခေါ်ဆောင်သွားသည်ဟုသိရပြီး ဖမ်းခံရသူများ၏ နာမည်ကို KNG မှ စုံစမ်းနေဆဲဖြစ်သည်။
ဖားကန့်တွင် အသစ်ထပ်ပြောင်းလာသည့် တပ်မမှူးသည် ဖမ်းဆီးရမိသည့် ပြည်သူများကို ရဲလက်မအပ်ပဲ စစ်တပ်ဗျူဟာကုန်းတွင်သာထားရှိမည်ဟု အမိန့်ထုတ်ထားပြီး KIA၊ PDF နဲ့ တော်လှန်ရေးတွင် ပါဝင်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ချက်ချင်းသတ်ပစ်ရန် အမိန့်ထုတ်ပြန်ထားကြောင်း တော်လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးက KNG ကို ပြောသည်။
“ဟိုနေ့က လေးယောက်ပါသွားတာ ဟုတ်တယ်။ ဘယ်သူတွေပါသွားလဲဆိုတာ စုံစမ်းနေတုန်း အခု အသစ်ပြောင်းလာတဲ့ တပ်မမူးက ကြမ်းတယ်တဲ့။ သူတို့မသင်္ကာလို့ဖြစ်ဖြစ် ဘာကြောင့်မဆို ဖမ်းထားတဲ့သူမှန်သမျှကို ရဲလက်မအပ်တော့ဘူး သူတို့ပဲကိုင်မယ်။ မိတာနဲ့ သတ်ပစ်မယ်ဆိုပြီး အမိန့်ထုတ်ထားတယ်” ဟု ၎င်းကပြောသည်။
ဖားကန့် စစ်ကောင်စီတပ်သည် လူငယ်လေးဦးကို PDF ဟုစွပ်စွဲနေသည့်အပြင် ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ဆိုင်းတောင်ကျေးရွာ မှော်ရှန်ရပ်ကွက်နေ ဦးမြင့်ဆွေ၏သားဖြစ်သူ ဓားထိုးသတ်ခံရပြီး ယင်းပြစ်မှုကို ကျူးလွန်ထားသူများဟုလည်း စွပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့်တွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ မှော်ဝမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းဆီးခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော် ဖမ်းဆီးခံရမှု၊ ၂၁ ရက်နေ့ မှော် (မဒဲန်ယန်) ရွာသား ၂၀၀ နီးပါး ဖမ်းဆီးခံရမှု၊ ၂၆ ရက်နေ့ ဆန်ခါနှင့် မဇွပ်ယန်ရွာသား ၁၀၀ ကျော်ဖမ်းဆီးမှုနှင့် ၂၉ ရက်နေ့တွင် မလန်းယန်ရွာသား ၂၉ ဦး ဖမ်းဆီးခံရမှု တို့ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမှုရှိခဲ့သည်။
KNG – ပေးပို့သည်။