30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဖားကန့် - ဆိပ်မူသွားကားလမ်းမပေါ် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ဖားကန့် – ဆိပ်မူသွားကားလမ်းမပေါ် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဖားကန့် – ဆိပ်မူသွား ကားလမ်းမကြီးပေါ် ယူမာကျေးရွာမှ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိရာက ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦးဟာ ယူမာကျေးရွာတစ်နေရာရှိ သောက်ရေအိုးစင်တွင် ရေသွားသောက်ရာကနေ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် နေရာမလှမ်းမကမ်းတွင် အဲဗားဝင်းနားအမည်ရှိ မျှောခြံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရှိနေပြီး ယခုနင်းမိသည့် မြေမြုပ်မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားသည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲ့ဒီမျှောခြံအနောက်မှာ ဆိုင်းတောင်တိုက်ပွဲတုန်းက ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတယ်။ အဲ့ရှေ့ကို မိုင်းထောင်ထားတာပေါ့လေ။ မိုင်းထောင်တာကတော့ စစ်ကောင်စီလား တော်လှန်ရေးတပ်ဖွဲ့တွေလား မသိဘူး။ အဲ့မှာဆေးသမားက သောက်ရေအိုးမှာ ရေဝင်သောက်ရင်းနဲ့ ထိတာတူတယ်။ ခြေထောက်က အခြေနေဆိုးတယ်။ ဖြတ်ရမယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်သည် စစ်ကောင်စီတပ်၊ တော်လှန်ရေးအင်အားစုများပါ စစ်ရေးလှုပ်ရှားကြသည့် နယ်မြေဖြစ်သည့်အတွက် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး ယခုလို မြေမြုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်ပစ္စည်းများကို မကြာခဏ တွေ့ရလေ့ရှိနေသည်။

မြေမြုပ်မိုင်းအပါအဝင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းများကို တိုက်ပွဲဖြစ်ထားသည့် နိုင်ငံတဝှမ်းက ဒေသအသီးသီးတွင် တွေ့လာရပြီး ထိုသို့တွေ့ရှိလာပါက ပထမဆုံးအနေနှင့် လုံးဝမထိမကိုင်ရန် အလွန်အရေးကြီးပြီး တာဝန်ရှိသူတို့ကိုအသိပေးပြီး နောက်ဆက်တွဲကိစ္စကို ဆောင်ရွက်သင့်သည်ဟု ဆိုပါသည်။

ခန္ဓာကိုယ်အစိတ်အပိုင်းကို ထိခိုက်စေနိုင်သည့်အပြင်အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်သော မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန်လက်နက်ပစ္စည်းများကို ဖားကန့်ဒေသကဲ့သို့ နှစ်ဖက်လက်နက်ကိုင်များ လှုပ်ရှားသွားလာသည့် နယ်မြေနှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာတို့တွင် တွေ့ရှိနေရသည်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ချက်အရ မြေမြှုပ်မိုင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် မြန်မာပြည်တဝှမ်း ၂၀၂၄ ခုနှစ်အတွင်း ထိခိုက်ခံစားခဲ့ရသူ ၁၀၈၂ ဦးရှိခဲ့ပြီး ယင်းတို့ထဲက ၂၉ ရာခိုင်နှုန်းက အသက်မပြည့်သော ကလေးငယ်များဖြစ်သည်ဟု ပြောဆိုထားသည်။

KNG ပေးပို့သည်။